ဒါကာ ၂၄ မေ 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၂၈ ဦး ထပ်မံသေဆုံးခဲ့ရာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် မတ် ၈ ရက်ကတည်းက တစ်ရက်တည်းတွင် သေဆုံးမှုအများဆုံးဖြစ်လာကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားသည်။

 

မေ ၂၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၂၄ ဦးသာသေဆုံးခဲ့သော်လည်း မေ ၂၄ ရက်တွင်၂၈ ဦးအထိ တိုးလာခဲ့ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့ချိန်ကတည်းက သေဆုံးမှုအများဆုံး ဖြစ်လာခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၂၈ ဦးသေဆုံးခဲ့ပြီးနောက် အဆိုပါရောဂါကြောင့် နိုင်ငံအတွင်း သေဆုံးသူပေါင်း ၄၈၀ ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ပါမောက္ခနာဆီမာ ဆူလ်တနာက အွန်လိုင်းပေါ်မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ယနေ့ပြောကြားသည်။

 

ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၃၂ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ရာ ရောဂါ ကူးစက်ခံရသူပေါင်း ၃၃၆၁၀ ရှိလာကြောင်း ဆူလ်တနာက ထပ်မံပြောကြားသည်။

 

ဘင်္ဂလားဒေ့ရှ် အစိုးရသည် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရန် ရောဂါစမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် ၂၄ နာရီအတွင်း လူ ၈၉၀၈ တို့၏ နမူနာကို ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့အတူ ရောဂါကူးစက်ခံရသူ ၄၁၅ ဦးသည် တစ်ရက်အတွင်း ရောဂါကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ကြရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာသူပေါင်း ၆၉၀၁ ဦးရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ