ပြုတ်ပဲစားစား၊ ကြော်ပဲကြော်ကြော်၊ အသားတို့၊ ဘဲဥတို့နဲပဲ တွဲချက်ချက်၊ ထောင်းပဲစားစား။ အသုပ်ထဲပဲထည့်ထည့်၊ ပူတင်းပဲ လုပ်စားစား အရသာရှိပြီး စိတ်တိုင်းကျစေတဲ့ အာလူးလေးက ဘယ်လိုမျိုး ကျန်းမာရေးကို အထောက်အကူပြုပေးနေ သလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။

 

အာလူးလေး ကပေးတဲ့ အာဟာရ

အရွယ်တော် အာလူးတစ်လုံးမှာ

 

•           ကယ်လ်လိုရီ

•           အမျှင်ဓာတ်

•           ကာဗိုဟိုက်ဒရိတ်

•           အဆီ

•           ပရိုတင်း

•           ဗီတာမင် C

•           ဗီတာမင် B6

•           ပိုတက်ဆီယမ်

•           မဂ္ဂနိ့

•           မဂ္ဂနီဆီယမ်

•           Phosphorus

•           Niacin

•           Folate တို့ ပါဝင်နေပါတယ်။

 

အာလူးကပေးတဲ့ ကျန်းမာရေး

 

သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာက ကျန်းမာရေးအတွက် အကျိုးများသလို နေထိုင်မှု ပုံစံကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ဘယ်လိုစားစား အရသာရှိတဲ့ အာလူးလေးကတော့ ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးနေပါတယ်။

 

အရိုးကျန်းမာစေတယ်

 

သံဓာတ်၊ phosphorous၊ ကယ်လ်ဆီယမ်၊ ဇင့်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးကျန်းမာစေဖို့ လိုအပ်တဲ့ ကော်လာဂျင် ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ အရိုးပွတာမျိုး မဖြစ်စေဖို့ လည်း ကယ်လ်ဆီယမ် နဲ့ phosphorous က အကောင်းဆုံး အားဖြည့်ပေးပါတယ်။

 

သွေးပေါင် ထိန်းညှိပေးတယ်

 

ဆိုဒီယမ် လျှော့စားတာက သွေးပေါင်ချိန်ကို ထိန်းညှိနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါ။ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးတာကလည်း သွေးမတိုးအောင် အကောင်းဆုံး ကာကွယ်ရာ ရောက်ပါတယ်။ ပိုတက်ဆီယမ်က သွေးကြောနံရံတွေကို ကျယ်စေပြီး သွေးစီးဆင်းမှု ကောင်းစေလို့ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပါတယ်။

 

အာလူးမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် သွေးပေါင်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သဘာဝ သွေးတိုးကျစေတဲ့ စားစရာတစ်ခုပါ။

 

နှလုံးကျန်းမာစေတယ်

 

အာလူးမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C နဲ့ ဗီတာမင်  B6 ကြွယ်ဝစွာ ပါဝင်နေပြီး ကိုလက်စထရော မပါဝင် တာကြောင့် နှလုံးကျန်းမာစေပါတယ်။

 

အမျှင်ဓာတ်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို ကျဆင်းစေပါတယ်။

 

မှတ်ဉာဏ် ကောင်းစေတယ်

 

အာလူးမှာပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ Choline က ကြွက်သားတွေ လှုပ်ရှားမှု ကောင်းစေဖို့၊ စိတ်ခံစားမှု ကောင်းစေဖို့၊ သင်ယူမှုစွမ်းရည် တိုးတက်စေဖို့ နဲ့ မှတ်ဉာဏ် ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။

 

ကင်ဆာ

 

အာလူးမှာ folate ပါဝင်နေပြီး ကင်ဆာဆဲလ်တွေ မပြန့်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ပါဝင်နေမှုကလည်း အစာခြေစနစ်ကို ကျန်းမာစေပြီး အူမကြီးကင်ဆာ မဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဗီတာမင် C နဲ့ quercetin က ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

ဝမ်းမှန်စေတယ်

 

အာလူးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေသလို ဝမ်းမှန်စေပါတယ်။

 

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

 

အာလူးက အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန် ထိန်းညှိလိုသူတွေ စားပေး သင့်ပါတယ်။ အဆာခံစေနိုင်ပြီး စားချင်စိတ် ခဏခဏ မဖြစ်အောင် ထောက်ပံ့ပေးပါတယ်။

 

ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းစေတယ်

 

အာလူးမှာ ဗီတာမင်  B6 ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် B6 က ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်းတို့ကို ဂလူးကို့စ်နဲ့ အမိုင်နိုအက်ဆစ်အဖြစ် ချေဖျက်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

 

အရေပြား ကျန်းမာစေတယ်

 

ကော်လာဂျင်က အရေပြား ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် လုပ်ဆောင်ပေးပြီး အရေပြားကို နေဒဏ်၊ ညစ်ညမ်းမှုဒဏ်တွေကြောင့် ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေး ပါတယ်။ ဗီတာမင် C က ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အသားအရေကို အရေးအကြောင်း ကင်းပြီး ကျန်းမာ လှပစေပါတယ်။

 

ကိုယ်ခံအား ကောင်းစေတယ်

 

ဗီတာမင် C က ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိ၊ ဖျားနာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အာလူးက စားလို့ ကောင်းသလို ဗီတာမင် C လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”