မုံရွာ ၂၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် ယနေ့ နံနက်(၉)နာရီခွဲက မုံရွာမြို့ ကန်သာယာ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သော အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ် သရုပ်ပြသမှုအား တက်ရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ် သရုပ်ပြသမှုအား ကြည့်ရှုအားပေးပြီး အဆိုပါ ယာဉ်အား စနစ်တကျ ကိုင်တွယ် အသုံးပြုတတ်စေရေး လေ့ကျင့်သင်ကြားပေးရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ အဝေးထိန်းစက်ရုပ် မီးသတ်ယာဉ်သည် ပိုလန်နိုင်ငံထုတ် LUF-60 Mobile Fighting Vehicle အမျိုးအစားဖြစ်ပြီး ဆီမီးလောင်မှု၊ ရိုးရိုးမီးလောင်မှု၊ ဓာတ်ငွေ့ယိုစိမ့်မှု၊ အောက်ဆီဂျင် ပြတ်တောက် နေသော နေရာများတွင် Tube ဖြင့် အောက်ဆီဂျင်ထည့်သွင်းနိုင်ခြင်း၊ Winch ဖြင့် (၃)တန်ကားများကို ဆွဲထုတ်နိုင်ခြင်းနှင့် (၃)တန် မတင်သည့်ကိရိယာဖြင့်လည်း (၄၀ဝ-ကီလိုဂရမ်)အထိရှိသော အရာဝတ္တု ပစ္စည်းမျိုးစုံကို အလွယ်တကူ မတင်နိုင်သည့်အပြင် လူမလိုဘဲ ကျဉ်းမြောင်းသောနေရာများအထိ မီးလောင်မှုကြီးမား၍ အန္တရာယ်ရှိသောနေရာများကို Remote Control ဖြင့် ထိန်းချုပ်မီးသတ် ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ပြီး ၎င်းအဝေးထိန်းစက်ရုပ်မီးသတ်ယာဉ်အား တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၄၈၂၄)သိန်း အကုန်ကျခံ ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


