နမ့်ဆန်   ၂၅   မေ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နမ့်ဆန်ဒေသရှိ စပါးစိုက်တောင်သူများအား ယမန်နေ့နံနက် (၁၀)နာရီက စပါးမျိုးစေ့များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

နမ့်ဆန်ဒေသရှိ စပါးစိုက်တောင်သူများ စပါးအထွက်နှုန်းကောင်းပြီး ဝင်ငွေတိုးစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နယူးဧရာ-၁ အရည်အသွေးကောင်း အထွက်နှုန်းတိုးစပ် မျိုးစပါးကို လီလုကျေးရွာအုပ်စု၊ ဟူးခင်ကျေးရွာအုပ်စု၊ အနောက်ကင်းကျေးရွာအုပ်စုနှင့် ကောင်ကလော ကျေးရွာ အုပ်စုရှိ လယ်စိုက်တောင်သူ (၂၀)ဦးအတွက် ဧက(၅၀)စာ စပ်မျိုးစပါး မျိုးစေ့များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြသည်။

 

ကိုဗစ်−၁၉ ကာလ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့ ဖြန့်ဝေပေးမှု အခြေအနေနှင့် နမ့်ဆန်မြို့နယ်တွင်  အဓိက စိုက်ပျိုးသည့် လက်ဖက်လုပ်ငန်းအပြင် လက်ဖက်တောင်သူများ အခြားဝင်ငွေ ရရှိနိုင်ဖို့ ထောပတ်မျိုးကောင်းများကို ပျိုးထောင်ပြီး ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်အောင် စီစဉ်ဆောင်ရွက် ထားကြောင်း မြို့နယ် စိုက်ပျိုးရေး မန်နေဂျာထံမှ သိရသည်။

 

မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နမ့်ဆန်ဒေသရှိ လယ်စိုက်တောင်သူများ၊ လက်ဖက် စိုက် တောင်သူများအား စိုက်ပျိုးရေးအသိပညာပေးမှုလုပ်ငန်းများ၊ သိပ္ပံနည်းကျ လက်ဖက်စိုက်ပျိုးနည်း၊ လက်ဖက် အထွက်နှုန်းတိုးစေရန် လက်ဖက်ကိုင်းဖြတ် ပြုပြင်နည်းများကို ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက် နိုင်သော်လည်း ယခုအခါတွင် ကိုဗစ်−၁၉ ဖြစ်ပွားမှုကြောင့် အဆိုပါပညာပေး မှုလုပ်ငန်းများ ကို ခေတ္တရပ်နားထားတယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)