မကွေး ၂၅ မေ
မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီ သီးနှံထုတ်လုပ်မှု စိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၄၃ ဘီလီယံ ကျော် ထုတ်ချေးပေးလျက်ရှိကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။
တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား မိုးစပါး ၁ ဧကလျှင် ၁ သိန်းခွဲကျပ်နှုန်း၊ အခြားသီးနှံ ၁ ဧက ၁ သိန်းကျပ်နှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၁ သိန်း ၄ သောင်း ၃ ထောင်ကျော် ထုတ်ချေး ပေးလျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်အတွက် မိုးစပါးစိုက်ဧက ၄ သိန်းကျော်၊ အခြားသီးနှံစိုက်ဧက ၈ သိန်း ၂ သောင်းကျော် စုစုပေါင်း ၁၂ သိန်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့တဲ့လပိုင်းက ဗဟိုဘဏ် အတိုးနှုန်းလျှော့ချလိုက်လို့ ယခင်အတိုးနှုန်း ၈ ရာခိုင်နှုန်းကနေ ယခု ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးနေတာပါ၊ ချေးငွေပြန်သွင်းရမယ့် သတ်မှတ်ရက်ထက် နောက်ကျခဲ့ရင် ငွေ ၁၀ဝ ကို ၁ လ ပြားငါးဆယ်နှုန်းနဲ့ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ် တိုင်းမန်နေဂျာ ဦးကျော်တင်ဦးက ပြောသည်။
ထိုသို့ထုတ်ချေးရာတွင် တောင်သူများပိုင်ဆိုင်သည့်(ပုံစံ-၇)မူရင်းများကို ထုတ်ချေးယူသည့် နေ့မှ ချေးငွေ ပြေကျေသည်အထိ ပေးအပ်ထားရမည်ဖြစ်ပြီး ချေးငွေအရင်းနှင့် ကျသင့်အတိုး၊ ဒဏ်တိုးများ ပြေကျေမှသာ ပြန်လည်ထုတ်ယူခွင့်ရှိကြောင်းနှင့် ယခုနှစ်နွေရာသီတွင် မြို့နယ် ၄ မြို့နယ်မှ နွေစပါးစိုက် ဧက ၃၈၀ ကျော်နှင့် အခြားသီးနှံစိုက်ဧက ၁၀ဝ၀ ကျော်အတွက် ကျပ်ငွေ သန်းပေါင်း ၁၁၀ဝ၀ ကျော်ကို ထုတ်ချေးခဲ့ကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
သန်းနိုင်ဦး(ငဖဲ)


