မိတ္ထီလာ ၂၅ မေ
မိတ္ထီလာ၌ ဂျိုက်ကာ ( JICA ) ချေးငွေ ၃.၂၅ ဘီလီယံ ဖြင့်ဆောင်ရွက်လျက်ရှိသည့် ရေပေးဝေရေး လုပ်ငန်းမှ မူလက ဇူလိုင်လဆန်းပိုင်းတွင် စတင်ရေပေးဝေနိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရသဖြင့် စက်တင်ဘာလတွင်သာ စတင်၍ သုံးသောက်ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဝန်ဇင်းရပ်ကွက် မိတ္ထီလာကန်အနီးမှာ ( JICA ) ချေးငွေ ၃.၂၅ ဘီလီယံနဲ့ဆောင်ရွက်နေတဲ့ ရေပေး ဝေရေး လုပ်ငန်းတွေ ဆောက်လုပ်နေတာကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် နှစ်လ လောက် ရပ်ဆိုင်းခဲ့တယ်။ မူလက အဲဒီရေပေးဝေရေးလုပ်ငန်းစီမံကိန်းက ရေစက်ရုံဆောက်လုပ်တဲ့ လုပ်ငန်းနဲ့ ရေပိုက် လိုင်းတွေ သွယ်တန်းတဲ့လုပ်ငန်းနှစ်ခုစလုံးကို ဇွန်လအကုန်မှာပြီးစီးပြီး ဇူလိုင်လဆန်းပိုင်းမှာ သောက်သုံးရေ ပေးဝေနိုင်မယ်လို့ ရည်မှန်းဆောင်ရွက်ခဲ့တာပါ။ အခုတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အခြေအနေကြောင့်လုပ်ငန်းတွေလည်း ရပ်ဆိုင်းခဲ့ရလို့ အခုပြန်လည် ဆောင်ရွက်နေပြီး လာမယ့်စက်တင်ဘာလရောက်မှ သောက်သုံးရေပေးဝေနိုင်မှာဖြစ်ပါတယ် ဟု မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောသည်။
အဆိုပါ ရေပေးဝေရေးလုပ်ငန်း စီမံကိန်းတွင်ပါဝင်သည့် ရေစက်ရုံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများပြီးစီးမည့် စက်တင်ဘာလတွင် ဝန်ဇင်းရပ်ကွက်နှင့် ရန်မျိုးအောင် ရပ်ကွက်ရှိ အိမ်ထောင်စု ၄၅၀ဝ အား သောက်သုံးရေပေးဝေခြင်းကို တိုးချဲ့ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


