ချောင်းဆုံ ၂၅ မေ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်(၁၉)ကာလအတွင်း အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေကြသည့် ခြံရှင်များအား မေလ ၂၅ ရက်နေ့က နံနက် စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ဟင်းသီးဟင်း ရွက်စိုက်ပျိုးနိုင်ရေးအတွက် ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် နည်းပညာ များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
“ဟင်းသီးဟင်းရွက် တစ်ပိုင်တစ်နိုင် စိုက်ကြနိုင်ရန်အတွက်နဲ့ ခုတစ်လောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကာလအတွင်း အိမ်မှာနေမယ့်အတူ ဟင်းသီးဟင်းရွက် စိုက်ပျိုးထားရင်တော့ အိမ်မှာနေရင်း အပိုဝင်ငွေလည်းရအောင် ဒီလိုရည်ရွယ်ချက်တွေနဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့တောင်သူတွေကို မျိုးစေ့တွေ အခမဲ့ဖြန့်ဝေပေးနေပါတယ်၊ အသီးအနှံတွေကို ကိုယ့်အိမ်မှာ ကိုယ်စိုက်ပျိုးထား မယ်ဆိုရင်တော့ အချိန်မရွေး ခူးစားလို့ရတယ် နောက်ပြီးပိုလျှံလာလို့ရောင်းမယ်ဆိုရင်တော့ အိမ်စရိတ် ကာမိတဲ့အပြင် အပိုဝင်ငွေလည်း ရနိုင်ပါတယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း အိမ်ခြံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး Home Garden လိုမျိုး စီမံချက်တွေချပြီးတော့ဆောင်ရွက်နေတာရှိပါတယ်၊ နည်းပညာပိုင်း အနေနဲ့ ဆောင်ရွက်ပေး နေတာကတော့ ပိုးမွှားကျနေတယ်ဆိုရင် ဘယ်လိုနှိမ်နင်းမလဲ၊ ဘေးအန္တရာယ် ကင်းရှင်းအောင် ပိုးသတ်ဆေးတွေကိုဘယ်လိုအသုံးပြုမလဲဆိုတာတွေကို ပညာပေး ဆောင်ရွက်နေတာတွေ ရှိပါတယ်” ဟု ပြည်နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်က ပြောသည်။
အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်ရေးအတွက် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်ခြံစိုက်ပျိုး နေကြသည့် ခြံရှင်များအား ခရမ်းထောပတ်မျိုးစေ့၊ မုန်လာဉမျိုးစေ့၊ ရုံးပတီသီးမျိုးစေ့၊ ချဉ်ပေါင်မျိုးစေ့၊ ဗူး မျိုးစေ့၊ ပဲသီးရှည်စေ့၊ သခွားမျိုးစေ့၊ နှင့် အခြားမျိုးစေ့များကိုအမဲ့ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးသီးနှံများ နည်းစနစ်တကျ စိုက်ပျိုးနိုင်ရေး အသိပညာပေးများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
“ဟင်းသီးဟင်းရွက်စိုက်ပျိုးထားတာတွေရှိတော့ အနည်းဆုံးအိမ်စားအပြင် အပြင်ဝင်ငွေလေး တွေလဲ ရပါတယ်၊ ဟင်းသီးဟင်းရွက်တွေကိုနည်းစနစ်တကျစိုက်ပျိုးမယ်ဆိုရင်တော့ သီးနှံအထွက်နှုန်း ကောင်းပြီး ဈေးလဲပိုရတာပေါ့၊ ခြံမှာတော့ ရွှေဖရုံ၊ ဗူး၊ သခွား၊ ပဲသီရှည်၊ ခရမ်းပင်၊ ချဉ်ပေါင်တွေတော့ စိုက်ထားပါတယ်”ဟု တစ်နိုင်တစ်ပိုင်စိုက်ပျိုးနေသည့် တောင်သူဦးတင်မြင့်က ပြောသည်။
ကိုဗစ်ကာလအတွင်း တောင်သူများဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်ရန်အတွက် ပြည်နယ်အစိုးရ ရန်ပုံငွေ ဖြင့် မျိုးစေ့များကိုအခမဲ့ဖြန့်ဝေခြင်းဖြစ်ပြီး မွန်ပြည်နယ်စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၄၀)ကို အိမ်ခြံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး Home Garden အနေဖြင့် လိုအပ်သည့်မျိုးစေ့၊ ပျိုးပင်နှင့်စိုက်ပျိုးရေးဆိုင်ရာပစ္စည်းများအား ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)


