မုံရွာ ၂၅ မေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးရာသီအတွင်း စိုက်ပျိုးမည့် မိုးသီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရန် ထွန်ယက်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဇင်ထံမှ သိရသည်။
ယခုအချိန်သည် မိုးသီးနှံများ စိုက်ပျိုးကြရန် ထွန်ယက်ရေးလုပ်ငန်းများ လုပ်ကိုင်ချိန်တွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများအနေဖြင့် ထွန်ယက်ရေးလုပ်ငန်းများ နှောင့်နှေးမှုမဖြစ်ပေါ်စေရန် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စက်မှုလယ်ယာ ဦးစီးဌာနပိုင် ထွန်စက်ကြီး (၁၈၅) စီး၊ ကောက်စိုက်စက် (၂၅) စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ရိတ်သိမ်းသီးနှံများအတွက် ရိတ်သိမ်းချွေလှေ့စက် (၄၁) စီးတို့ဖြင့် ဈေးနှုန်းချိုသာစွာ ရိတ်သိမ်းပေးလျက်ရှိသည့်အပြင် နွေသီးနှံများ အခြောက်ခံရန်အတွက် ကလေး၊ ရေဦး၊ ရွှေဘိုနှင့် ချောင်းဦးမြို့နယ်တို့တွင် ယခုဘဏ္ဍာရေးနှစ်အတွင်း အခမဲ့လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
“ ထွန်ယက်ရေးလုပ်ငန်းအတွက် (၇) သွားလင်ဘန်းထယ်နဲ့ တစ်ဧကကို တစ်လွှာထွန်ယက်ခ ငွေကျပ် ၁၃၀၀၀ နှုန်းနဲ့ ထွန်ယက်ပေးနေတယ်၊ ကောက်စိုက်စက်နဲ့ စိုက်မယ်ဆိုရင်လည်း တစ်ဧကကို ငွေကျပ် ၂၅၀၀၀ နှုန်းနဲ့ စိုက်ပျိုးပေးသွားမှာ ဖြစ်တယ်၊ သီးနှံတွေမိုးမိလို့ မပျက်စီးစေဖို့အတွက် အခုဘဏ္ဍာရေး နှစ်အတွင်းမှာ မြို့နယ် (၄) ခုက အခြောက်ခံစက်တွေမှာ အခမဲ့ လုပ်ဆောင်ပေးနေတယ်၊ လာမဲ့ဘဏ္ဍာရေးနှစ်မှာတော့ သတ်မှတ်ဈေးနှုန်းတစ်ခုနဲ့ ဝန်ဆောင်မှု ပေးသွားမှာဖြစ်တယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဇင်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနပိုင် စက်မှုလယ်ယာစခန်း (၁၆)ခု မှ မိုးစပါးနှင့် အခြားသီးနှံ (၄၅၉၈၃) ဧကကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည့်အပြင် နွေစပါးသီးနှံ (၄၂၄၈) ဧကကို ရိတ်သိမ်းချွေလှေ့သည့် ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း၊ မြို့နယ်(၄)မြို့နယ်ရှိ သီးနှံအခြောက်ခံစက် (၄) ခုမှ စပါး (၈၁၀၀) တင်းနှင့် နေကြာ (၄၇၀) တင်းအား အခြောက်ခံပေးသည့် ဝန်ဆောင်မှုများ လုပ်ဆောင်ပေးနိုင် ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနရုံး၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


