ရန်ကုန်   ၂၅   မေ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဦးဆောင်မှုဖြင့် မီးသတ်ယာဉ်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းကာ ဆေးဖျန်းခြင်းလုပ်ငန်းကို မေ ၂၅ ရက် နံနက် ၉ နာရီက  Star City ကြယ်စင်အိမ်ရာ၌ စတင်ဆောင်ရွက်ခဲ့ကြသည်။

 

ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဦးဆောင်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ သန်လျင်မြို့နယ် မီးသတ် ဦးစီးဌာနတို့မှ မီးငြိမ်းသတ်ယာဉ် ၄ စီး၊ အဝေးထိန်း စက်ရုပ်မီးငြိမ်းသတ်ယာဉ် ၂ စီးနှင့် ကြယ်စင်အိမ်ရာမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ဆေးဖျန်းပုံးများဖြင့် Star City ကြယ်စင်အိမ်ရာ အဝင်ပေါက် လမ်းမကြီးမှ စတင်ကာ အိမ်ယာဝင်းအတွင်းသို့ ရောဂါကြိုတင် ကာကွယ်ရေး ဆေးဖျန်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

 “ ဒီနေ့ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့က စက်ယန္တရားတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ပရဟိတ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဒီနေ့ ကြယ်စင်အိမ်ရာမှာရှိတဲ့ အခန်းပေါင်း ၂၀ဝ၀ ကျော်ကို ကိုဗစ်- ၁၉ ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်းဆောင်ရွက်တာပါ၊ အဓိကတော့ ဒီမှာရှိတဲ့ပြည်သူတွေ ကိုဗစ်- ၁၉ ရောဂါအတွက် စိုးရိမ်ထိပ်လန့်မှုမရှိစေရေး၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ညွှန်ကြားရေးမှူးချုပ်ရဲ့ ကြီးကြပ်မှုနဲ့အတူ ဒီနေ့ ယာဉ်စက်အင်အားများစွာကို အသုံးပြုပြီးတော့ ဒီဆေးဖျန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ် ”ဟု- ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

 

သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူများနှင့် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)