မင်းဘူး ၂၅   မေ                 

         

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကုန်းသာကျေးရွာတွင် ရေတွင်းများ တူးဖော်၍ မြေအောက်ရေးသွင်း နှမ်းစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

         

“ရွာမှာတော့ မိုးဦးမကျမီ နွေနှမ်းအနေနဲ့ ဆည်ရေသောက်နဲ့ မြေအောက်ရေသွင်းဆိုပြီး နှစ်မျိုး စိုက်ကြပါတယ်၊ ဆီထွက်သီးနှံအနေနဲ့ မြေပဲ၊ နေကြာ၊ နှမ်းဆိုပြီး သုံးမျိုးထဲက နေကြာနဲ့ နှမ်းစိုက်ရတာက ကုန်ကျစရိတ် အသက်သာဆုံးဖြစ်လို့ အညာဒေသမှာ ဆီထွက်သီးနှံအနေနဲ့ အားထားပြီး စိုက်ပျိုးရတာပါ၊ ဆည်ရေသောက်စနစ်ကတော့ဗျာ ဆည်ရေလွှတ်တဲ့အချိန် ရေကို ဂရုတစိုက်လေး သွင်းလိုက်ရင် အဆင်ပြေတယ်၊ အရမ်းဂရုစိုက်နေစရာမလိုပါဘူး၊ မြေအောက်ရေသွင်း စနစ်ကျတော့ အနုစိတ်လုပ်ရတယ်ဗျ၊  ရေသွင်းတဲ့ခါ ရေဝင်ကောင်းအောင် မြေညှိဘောင်ခတ်နဲ့ပေါ့ လျှပ်စစ်ရေမော်တာနဲ့ စုပ်တင်တာဆိုတော့ အပန်းတော့ မကြီးလှပါဘူး၊ ရေကိုလည်း တစ်ပတ်ကို နှစ်ခါပုံမှန်သွင်းရပါတယ်။ ခုရက်ပိုင်းဆို နေကအရမ်း ပူတော့ အပင်ညှိုးမသွားအောင် ရေကိုသုံးခါလောက် ဂရုစိုက် သွင်း‌နေရပါတယ်၊ တစ်ဧကကို နှမ်းကျဲမယ်ဆိုရင် ကျွန်တော်တို့ နယ်ဘက်ကတော့နှမ်း ၁ ပြည်နဲ့ ၁၀ လုံးကြား ကျဲပါတယ်။ နှမ်းကမျိုးစုံ ရှိပေမယ့် စမုံနက်က ဈေးကောင်းရတော့ ခုနောက်ပိုင်း အစိုက်များလာကြပါတယ်။ စမုံနက်တောင်မှ သက်ယဉ်နဲ့ သက်ကြီးဆိုပြီး နှစ်စားရှိတယ်။ ခုကျဲထားတာကတော့ သက်ကြီးမျိုးဖြစ်ပါတယ်။ နှမ်းက တစ်လခွဲဆို အပွင့်လိုက်ပြီး သီးစပြုပါတယ်။ သက်ကြီးမျိုးဖြစ်တော့ ရက်ပေါင်း ၉၀ ဆိုရင် စနှုတ်ရပြီး ရက်ပေါင်း ၁၀၀ လောက်မှ နှမ်းဖြစ်ပါတယ်။ ထွက်နှုန်းကတော့ နှမ်းမျိုးသန့်ပြီး အပင်ကောင်းကောင်းနဲ့ အသီးများရင်တော့ တစ်ဧက ကို ၁၈ တင်းနဲ့ တင်း၂၀ ကြား ကောင်းရင်ကောင်းသလို ထွက်ပါတယ်။ ကုန်ကျစရိတ်ကတော့ ရေသွင်းတဲ့မီတာခ၊ ပေါင်းနှုတ်ခ၊ ရိတ်သိမ်းခ လောက်ပဲကုန်ကျတော့ ရင်းနှီးငွေနည်းပြီး အမြတ်ငွေများတဲ့အတွက် မြေအောက်ရေသွင်း စိုက်ပျိုးရတာအဆင်ပြေပါတယ်။” ဟု မင်းဘူး (စကု) မြို့နယ်၊ ကုန်းသာ ကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးကျော်ရွှေက ရှင်းပြသည်။

         

မင်းဘူး(စကု) မြို့နယ်အတွင်း ကုန်ကျစရိတ်သက်သာပြီး ဈေးကောင်းရရှိသောကြောင့် နွေနှမ်း စိုက်တောင်သူများပြီး အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းနှင့် နှမ်းတစ်တင်းလျင် ကာလပေါက်ဈေး ကိုးသောင်းကျပ်ခန့် ရှိကြောင်း သိရသည်။

 

မောင်မောင် (မင်းဘူး)