သာစည် ၂၅ မေ
မိတ္ထီလာခရိုင် သာစည်မြို့နယ် ဘွဲ့ခြားကျေးရွာအုပ်စု တောင်သူများထံ မိုး-မိုးနှောင်းချည်မျှင် ရှည်ဝါရွှေတောင် (၈) မျိုးသန့် အထူးဇုန်ဧက(၁၀ဝ)စံပြကွက် ပံ့ပိုးပစ္စည်းပေးအပ်ပွဲကို မေ ၂၅ ရက်နံနက် ၈ နာရီခွဲက အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။
ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစိုးသိန်းက စိုက်ပျိုးရေး နည်းပညာများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးငွေကမိုး-မိုးနှောင်း ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)မျိုးသန့် အထူးဇုန်ဧက (၁၀ဝ)စံပြကွက် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲစေရေးနှင့် နည်းပညာများ စနစ်တကျ သုံးခြင်းဖြင့် အထွက်ကောင်းစေရန် ဖြစ်ကြောင်း၊ တောင်သူများ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ စနစ်တကျ ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဝါစိုက်တောင်သူများ နည်းပညာ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ဦးစီးမှူးဦးစိုးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က တောင်သူ ၃၅ ဦးထံ ပံ့ပိုးပစ္စည်းများဖြစ်သော မျိုးစေ့ထုပ်များ၊ မျိုးစေ့လူးနယ်ဆေးများနှင့် နည်းပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)


