မိုးကောင်း  ၂၅  မေ

 

ကချင်ပြည်နယ် မိုးကောင်းမြို့မစည်ပင်သာယာဈေးကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးသူဈေးသားများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့မ စည်ပင်သာယာဈေးကြီးအတွင်း၌ ကျင်းပသည်။

 

 ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးများမဖြစ်ပေါ်စေရန် တစ်လကျော်ကြာ ပိတ်ထားခဲ့ရသည့် မြို့မဈေးကြီးကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက် စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် နိုင်ရန် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ လိုက်နာရမည့်စည်းကမ်းချက်များကို တာဝန်ရှိသူများနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

1949

 

 ဈေးရောင်းချသူများအနေဖြင့် Mask တပ်ဆင်၍ရောင်းချခြင်း၊ ဈေးရောင်းချသူနှင့်ဈေးဝယ်သူ အသုံးပြု နိုင်ရန် လက်သန့်ဆေးရည်နှင့် လက်သန့်ဂျယ်များ ထားရှိပေးစေခြင်း၊ ဆိုင်ခန်းပိုင်ရှင်နှင့် ဝန်ထမ်းနှစ်ဦး သာ ရောင်းချခွင့်ရှိခြင်း၊ သတ်မှတ်ထားသည့်အကွာအဝေးမှသာ ရောင်းဝယ်ဖောက်ကားခွင့်ရှိခြင်းများနှင့် လတ်တလော ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာကျင့်သုံးမှုမရှိပါက ပထမအကြိမ် အဖြစ် ဈေးရောင်းချခွင့် သုံးရက်၊ ဒုတိယအကြိမ်တွင် ဈေးရောင်းချခွင့် ဆယ်ရက် ပိတ်ပင်မည်ဖြစ်ကာ တတိယအကြိမ် ဖောက်ဖျက်ပါက အရေးယူခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ် ထိုးစေ၍ ဈေးဖွင့်လှစ်နိုင်ရန် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြသည်။

 

ဈေးအတွင်း ဘေးကင်းလုံးခြုံစွာရောင်းချနိုင်ရေး ပြုပြင်ထားရှိမှုများကို မြို့နယ်ကိုဗစ်-၁၉ ထိန်ချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် တာရှိသူများမှစစ်ဆေးပြီး ပြည်နယ် အစိုးရအဖွဲ့သို့တင်ပြကာ ခွင့်ပြုမိန့်ရရှိပါက မြို့မစည်ပင်သာယာဈေးအတွင်း ပိုးသတ်ဆေးများဖြန်းကာ ဈေးပြန်လည် ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)