မိတ္ထီလာ ၂၅ မေ
မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ သွားလာမှုကန့်သတ်ထားရှိသည့် ဇောင်ချမ်းကုန်းကျေးရွာ အမှတ်(၇၈) အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာန ဆိုင်ရာ များနှင့် လူမှုရေးအဖွဲ့အစည်းတို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပနိုင်ငံများမှ မိမိတို့ နေရပ်သို့ ပြန်လာသူများကိုလည်း အသွားအလာ ကန့်သတ်စင်တာများထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ ၎င်းသွားလာမှု ကန့်သတ်ထားရှိသည့် စင်တာများတွင် ကိုဗစ်-၁၉ ရောဂါကင်းဝေး စေရန် မီးသတ်ဦးစီးဌာနမှ ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ သွားလာမှုကန့်သတ်ထားရှိသည့် စင်တာများအနက် ဇောင်ချမ်းကုန်းကျေးရွာရှိ အမှတ်(၇၈)အခြေခံပညာမူလတန်းကျောင်းတွင် ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်ဆန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ဇောင်းချမ်းကုန်းကျေးရွာမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ မိမိတို့ နေရပ် ပြန်လာသူများကို ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် ကျေးရွာအတွင်းရှိ အမှတ်(၇၈) အခြေခံပညာ မူလတန်းကျောင်းတွင် အသွားအလာကန့်သတ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် ပေးလျက်ရှိသည်။ထို့သို့ အသွားအလာကန့်သတ်ထားရှိရာမှ သတ်မှတ်ရက်ပြည့်၍ မိမိတို့နေအိမ်တွင် အသွားအလာ ကန့်သတ် ဆက်လက်နေထိုင်လျက်ရှိသောကြောင့် သွားလာမှု ကန့်သတ်ထားရှိသည့် ဇောင်ချမ်းကုန်း အမှတ်(၇၈) အခြေခံပညာ မူလတန်းကျောင်းတွင် ပိုးသတ်ဆေး ဖျန်းခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


