၂၅ မေ
စပိန်နိုင်ငံ မက်ဒရစ်နဲ့ ဘာစီလိုးနားမြို့တွေမှာ နေထိုင်သူတွေအတွက် အသွားအလာတွေ ပြန်ဖွင့်ပေးနေချိန်မှာ နိုင်ငံတစ်ဝန်းရှိ ကမ်းခြေတွေကိုလည်း ပြန်လည်အသုံးပြုခွင့် ရရှိနေပြီဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မပျံ့ပွားအောင် နိုင်ငံတစ်ဝန်း အသွားအလာ ပိတ်ဆို့မှုတွေကို မတ်လလယ်က စတင်ပြီး ပိတ်ထားခဲ့တာဖြစ်ပါတယ်။ အသွားအလာ ပိတ်ဆို့မှုတွေကို အဆင့်လေးဆင့်နဲ့ ပြန်လည်ဖွင့်လှစ်ပေးမယ်လို့ သိရပါတယ်။
ဘာစီလိုးနားနဲ့ မက်ဒရစ်မြို့မှာ နေထိုင်သူတွေဟာ ပထမအဆင့် အသွားအလာ ပိတ်ဆို့မှု ပြန်လည်ဖွင့်လှစ်တဲ့ အနေနဲ့ နေအိမ်တွေ၊ ဘားတွေ နဲ့ စားသောက်ဆိုင်တွေမှာ လူ ၁၀ ဦးအထိ စုဝေးခွင့် ရရှိပြီဖြစ်ပါတယ်။ ပန်းခြံတွေထဲမှာ ဝင်ရောက်သွားလာခွင့်တွေ ရရှိသလို အဓိက ပြတိုက်ကြီးတွေမှာ ကန့်သတ်ထားတဲ့ လူဦးနဲ့ ဝင်ခွင့်တွေ ပေးနေပြီလို့ သိရပါတယ်။
အဆောက်အအုံအတွင်းနဲ့ လူသွားလမ်းတွေပေါ်မှာ လူတိုင်း မျက်နှာဖုံး ဝတ်ဆင်ရမှဖြစ်ပြီး တတ်နိုင်သမျှ တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာမှာ နေဖို့ကိုလည်းသတ်မှတ်ထားပါတယ်။
စပိန်နိုင်ငံရဲ့ တခြားဒေသတွေမှာတော့ အသွားအလာပိတ်ဆို့မှု ပြန်ဖွင့်တဲ့ ဒုတိယအဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီအဆင့်ဟာ ဇွန်လကုန်ပိုင်းအထိ ကြာမယ်လို့ ခန့်မှန်းထားပါတယ်။ စားသောက်ဆိုင်တွေမှာ သတ်မှတ်ထားတဲ့ အရေအတွက်နဲ့ ဆိုင်အတွင်း စားသောက်ခွင့် ရရှိပြီး လမ်းလျှောက်ခြင်းနဲ့ လေ့ကျင့်ခန်း လုပ်ခြင်းတွေအတွက် အချိန်သတ်မှတ်ခြင်း မရှိတော့ဘဲ လွတ်လွတ်လပ်လပ် အပြင်ထွက်ခွင့် ရရှိနေပြီဖြစ်ပါတယ်။
နွေရာသီဖြစ်တဲ့အတွက် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းရှိ ကမ်းခြေတွေမှာ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး သတ်မှတ်အချက်အတိုင်း သွားလာခွင့် ရရှိပြီဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးက ကမ်းခြေတွေမှာ ကန့်သတ်ထားတဲ့ လူဉီးထားရှိပြီး စည်းတား ထားခြင်းနဲ့ ထီးအမိုးများကို လေးမီတာ အကွာစီမှာ ထားရှိဖို့ အကြံပြုထားပါတယ်။
အခုအချိန် ကမ်းခြေတွေကို ဒေသတွင်းက လူတွေဘဲ သုံးစွဲနိုင်ပြီး နိုင်ငံတွင်းမှာ ခရီးသွားခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ စပိန်နိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားတွေဟာ ၁၄ ရက်တိတိ သီးခြားစောင့်ကြည့်မှုအောက်မှာ နေထိုင်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လမှာတော့ ခရီးသွားတွေ လာရောက်နိုင်ရေးအတွက် ဝင်ပေါက်တွေ ဖွင့်ဖို့ စီစဉ်နေပါတယ်။
စပိန်အစိုးရရဲ့ အသွားအလာပိတ်ဆို့မှု ဖယ်ရှားရေး အစီအစဉ်ကို စိတ်မရှည်တော့တဲ့ စပိန်နိုင်ငံသားတွေက ပြီးခဲ့တဲ့ စနေနေ့က ကားတွေနဲ့ ဆန္ဒပြခဲ့ကြပါသေးတယ်။
MDN
ကိုးကား - AFP