မန္တလေး ၂၅  မေ 

 

မိုးရာသီ အကြိုကာလတွင် မန္တလေးမြို့၏ ရာသီပေါ် အစားအစာအဖြစ် ထွက်ရှိလာသည့် မိုးပုရစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိရာ နှစ်သက်စွာ ဝယ်ယူစားသုံးမှုများပြားသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ပုရစ်ဈေးကွက်မှ သိရသည်။

 

အဆိုပါမိုးပုရစ်များကို ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ တကောင်းနှင့် ရွှေကူမြို့နယ်များမှ မေလဆန်းတွင် စတင်ထွက်ရှိလာပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရေကြည်ဓမ္မာရုံအနီးရှီ ပုရစ်ဈေးကွက်သို့ တင်ပို့၍ ဒေသခံများသာမက မြန်မာပြည်အနှံ့အပြားသို့ လက်လီလက်ကား တစ်ဆင့်ပြန်လည် ရောင်းချပေးနေကြောင်း ပုရစ်ရောင်းချသူ ဒေါ်လှမြင့်က ပြောသည်။

 

“ဒီရက်ပိုင်းမှာတော့ မိုးပုရစ်တွေ လှိုင်လှိုင်ပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းအားကောင်းပါတယ်။ ကိုဗစ်ရောဂါ ဂယက်က ပုရစ်ဈေးကွက်ကို ထိခိုက်မှုမရှိပါဘူး။ ပုရစ်တွေ အထွက်များသလို ရောင်းအားလည်း ကောင်းပါတယ်။ မန္တလေးနဲ့ ရန်ကုန်က ပုရစ်ကို အများဆုံးကြိုက်ကြတယ်။ သီတင်းကျွတ်လမှာ ထွက်ရှိတဲ့ ဆောင်းပုရစ်က ဉပါတဲ့အတွက် ဈေးကောင်းရပေမယ့် ဒီရာသီမှာထွက်တဲ့ မိုးပုရစ်က ဉမပါတော့ ဈေးတော့ လျော့တာပေါ့။ ပုရစ်က ၆ လ တစ်ကြိမ်နဲ့ တစ်နှစ်ကို နှစ်ကြိမ်ထွက်ပေါ်ပြီး တစ်ကြိမ်ကို တစ်လခွဲလောက် ရောင်းရပါတယ်။ ပုရစ်ဈေးက အထွက်နှုန်း နည်းလာလေ ဈေးကောင်းရလေပါပဲ” ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် မန္တလေးမြို့ရှိ ပုရစ်ဈေးကွက်၌ ပုရစ် အထီး၊ အမ ရောထားသည့် အကောင် ၁၀၀ လျှင် အကြီးအသေးပေါ် မူတည်၍ ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ဈေးဖြင့်လည်းကောင်း၊ အသင့်စားသုံးနိုင်ရန် ကြော်လှော်ထားသည့် ပုရစ်အကောင်ရေ ၅၅ ကောင်ဆံ့ ကော်ဗူး တစ်ဗူးလျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် လည်းကောင်း ရောင်းချပေးလျက် ရှိပြီး လက်ရှိကာလတွင် ပုရစ်ရောင်းချသူတစ်ဦးအနေဖြင့် နေ့စဉ် အကောင်ရေ သုံးသောင်းကျော် ရောင်းချရကြောင်း သိရသည်။

 

“ပုရစ်ကိုတော့ ကျွန်မတို့ မန္တလေးမြို့ရဲ့ ရာသီပေါ် အစားအစာတစ်ခုလို့ ပြောလို့ရပါတယ်။ ပုရစ်ကြိုက်သူတိုင်း ဒီရာသီဆို မန္တလေးကို သတိရတတ်ကြတယ်။ ဥပါတဲ့ ပုရစ်က စိမ့်ပြီး ချိုတဲ့အတွက် ပိုပြီးစားကောင်းတယ်။ ကျွန်မတို့ ဒေသခံတွေက ပုရစ်ပေါ်ချိန်ဆို ကြော်စားတာထက် မကျည်းရွက် ဒါမှမဟုတ် ကင်ပွန်းချဉ်ရွက်နဲ့ရောပြီး ချဉ်စပ်လေး ချက်စားလေ့ရှိတယ်” ဟု ပုရစ်ကြိုက်သူ ဒေါ်စန်းစန်းအေးက ပြောသည်။

 

ပုရစ်ဖမ်းသူများအနေဖြင့် မိုးကိုမျှော်လင့်နေရပြီး မိုးဆက်တိုက် ရွာသွန်းပါက ပုရစ်တွင်းများသို့ ရေဝင်ရောက်မှုကြောင့် ပုရစ်များ အပြင်သို့ ပျံသန်းထွက်လာသည့် အချိန်ကို စောင့်ဆိုင်းကာ ညပိုင်းအချိန်တွင် မာကျူရီမီးများ ထွန်းညှိ၍ ထောင်ချောက်ဆင် ဖမ်းယူရကြောင်း တကောင်းမြို့နယ်မှ ပုရစ်ဖမ်းသူ ကိုမျိုးဝင်းက ပြောသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)