၂၅ မေ
မန္တလေးတိုင်းဒေသကြီး အစိုးရက ပြည်သူများ နှာခေါင်းစည်း တပ်ဆင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် အရေးယူမှုများကို သက်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မန္တလေးခရိုင်အတွင်းရှိ မြို့နယ် (၇) မြို့နယ်တွင် မေ ၉ ရက်မှ မေ ၂၄ ရက်အထိ နှာခေါင်းစည်းမတပ်ဘဲ ပြင်ပသို့သွားလာသူ (၁၀၈၈၅) ဦးအား အရေးယူထားကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ် ထံမှ သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြင်ပသို့သွားလာသူများ အနေဖြင့် နှာခေါင်းစည်းများ မဖြစ်မနေသုံးစွဲရန် လိုအပ်ကြောင်း ညွှန်ကြားချက်များနှင့် အမိန့်ထုတ်ပြန်ထားရာ မေ ၉ ရက်မှ ၁၅ ရက်အထိ ပညာပေးကာလအနေဖြင့် သတ်မှတ်ပြီး နှာခေါင်းစည်း မတပ်ဆင်ပါက နှာခေါင်းစည်းနှစ်ခုလျှင် ငွေကျပ်တစ်ထောင်ဖြင့် ဝယ်ယူစေကာ ပညာပေးကာလပြီးနောက် နှာခေါင်းစည်းနှစ်ခုလျှင် ငွေကျပ်ငါးထောင်ဖြင့် ဒဏ်ရိုက်သည့်အနေဖြင့် ဝယ်ယူစေခြင်းဖြစ်သည်။ ထို့သို့ဆောင်ရွက်ရာတွင် လူစည်ကားသည့် လမ်းများတွင် နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/မရှိကို တိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးကာ တပ်ဆင်လာခြင်း မရှိပါက အရေးယူသည့်အနေဖြင့် ပြန်လည်လျှော်ဖွပ် အသုံးပြုနိုင်သည့် နှာခေါင်းစည်းများကို ဒဏ်ရိုက်သည့်အနေဖြင့် ဝယ်ယူစေခြင်းဖြစ်သည်။
ထို့ပြင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ၎င်းတို့ လက်အောက်ရှိ ဈေးများတွင် ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်း တပ်ဆင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ကာ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။
မန္တလေးခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် နှာခေါင်းစည်းမတပ်ဘဲ ပြင်ပသို့ သွားလာသူ တစ်သောင်းကျော်အား အရေးယူထားကြောင်းသိရပြီး ရရှိလာသော ဒဏ်ငွေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း များအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


