တောင်တွင်းကြီး  ၂၅  မေ

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် အနောသုခ၊ ရတနာတိုး၊ ရွှေမနော် စသည့် စပါးအမျိုးအစားများအား SRI၊ ကြဲခင်း၊ ဘောင်ပျိုး၊ seeder စသည့် စိုက်ပျိုးနည်း စနစ်လေးမျိုးဖြင့် စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

 

တောင်သူများ မျိုးကောင်း မျိုးသန့်များ သုံးစွဲလာတက်စေရန်၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို သုံးခြင်းဖြင့် အရည်အသွေးကောင်းသော သီးနှံများကို ရရှိလာစေရန်၊ ပြောင်းလဲလာသော ရာသီဥတုများနှင့် ကိုက်ညီသည့် ဈေးကွက်၀င်သီးနှံများ ပြောင်းလဲစိုက်ပျိုးလာစေရန်၊ ၀င်ငွေများတိုးပွားပြီး ဆင်းရဲမှု လျော့ချပေးနိုင်စေရန်၊ ဓာတုပစ္စည်းများဖြစ်သည့် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများ လျော့ချသုံးစွဲ၍ သဘာ၀မြေဩဇာ၊ သဘာ၀ ပိုးသတ်ဆေးများ သုံးစွဲခြင်းအားဖြင့် ထွက်ရှိလာသော သီးနှံများ၏ သီးနှံထွက်ကုန်များ အန္တရာယ်ကင်းစေရန်ရည်ရွယ်၍ တောင်သူပညာပေး နည်းစနစ်များ၊ အထွက်နှုန်းကောင်းစေရန် စိုက်နည်းစနစ်များကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မျိုးအေးက ပြောသည်။

 

တောင်တွင်းကြီးမြို့နယ်တွင် ရန်ပယ်ဆည်ရေသောက်ဖြင့် နွေစပါး ၇၅၉ ဧကကို မတ်လအတွင်းက စိုက်ပျိုးထားရှိပြီး စပါးသက်တမ်း ၁၃၅ ရက်တွင် ရိတ်သိမ်းရမည်ဖြစ်ကာ တစ်ဧက စပါးတင်း ၈၀ အထက် ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

အေးမိုးမိုးမြင့်(ပြန်/ဆက်)