(၂၀၂၀) ပြည့်နှစ်၊ မေလ (၂၆) ရက်

သွေးလွန်တုပ်ကွေးရောဂါဟာ နှစ်စဉ်မိုးရာသီမှာ ဘာကြောင့်အဖြစ်များတာလဲ?

ဒီရောဂါဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး (Dengue Virus) သယ်ဆောင်ထားသော နေ့အချိန်မှာကိုက်လေ့ရှိတဲ့ ခြင်ကျား အကိုက်ခံရခြင်းကြောင့် ဖြစ်တာပါ။

မိုးရာသီမှာ ခြင်ကျားလောက်လန်း အများဆုံးပေါက်ပွားတာကြောင့် သွေးလွန်တုပ်ကွေး ရောဂါ အများဆုံးဖြစ်ပွားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး၊ ကလေး/ လူကြီးမရွေး၊ ကျား/ မ မရွေး ဖြစ်နိုင်ပြီး အသက် (၁၅)နှစ်အထက် လူကြီးများမှာဖြစ်ပါက သေဆုံးမှုနှုန်း မြင့်မားပါတယ်။

 ခြင်ကျားလောက်လန်းဟာ ရေကြည်ရေသန့်မှာပဲ အဓိကပေါက်ပွားပြီး ခြင်ကျား ပေါက်ပွားပုံအဆင့်ဆင့်ဖြစ်တဲ့ (ဥ --> ပိုးလောက်လန်း --> ပိုးရုပ်ဖုံး --> သက်ကြီးကောင်) ဖြစ်စဉ်က (၈)ရက်မှ (၁၀)ခန့်အထိသာ ကြာမြင့်ပါတယ်။

ဒါကြောင့် မိမိနေအိမ်၊ ကျောင်းနဲ့ ပတ်ဝန်းကျင်မှာ (၁)ပတ်လျှင် (၁)ကြိမ် ခြင်ကျားလောက်လန်း ရှာဖွေပြီး လောက်လန်းပေါက်ပွားမှု လုံးဝမရှိအောင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အိုးအတွင်းပိုင်းတိုက်ချွတ် စသဖြင့် ဆောင်ရွက်ဖို့လိုပါတယ်။

ခြင်ကျားလောက်လန်းမရှိဘူးဆိုရင် ခြင်ကျားပေါက်ပွားမှုလည်း မရှိတော့တဲ့အတွက် ခြင်ကျားကိုက် ခံရလို့ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုလည်း လုံးဝရှိတော့မှာ မဟုတ်ပါဘူး။

Credit#ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန