ကျောက်မဲ ၂၆ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းတွင် ခရီးသည်တင်ယာဉ်ကြီးယာဉ်ငယ်လိုင်းပေါင်း ၂၇ လိုင်းပေါင်းရှိရာ မေလဆန်းပိုင်းမှ စ၍ အချို့ယာဉ်ငယ်လိုင်းများဖြစ်သော ကျောက်မဲ-မုံရွာလိုင်းပြေးဆွဲသည့် Hello နှင့် ရွှေချမ်းသာယာဉ်လိုင်း၊ ကျောက်မဲ-တောင်ကြီးပြေးဆွဲသည့် ရွှေစင်ယာဉ်လိုင်းများသာ ပြန်လည် ပြေးဆွဲလျက်ရှိပြီး အချို့ယာဉ်လိုင်းများမှာ ပြေးဆွဲနေသော်လည်း ခရီးသည်များ တင်ဆောင်ခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် ကုန်များကိုသာ တင်ဆောင်လျက်ရှိသည်။
ခရီးသည်များကို တင်ဆောင်ပြေးဆွဲနေသော ယာဉ်ငယ်လိုင်း ၃ လိုင်းသည်လည်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြေးဆွဲလျက်ရှိကြောင်း၊ မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသော ခရီးသည်များကို လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်းMask များ အခမဲ့ဝေပေးခြင်း၊ ခရီးသည်တစ်ဝက်သာတင်ဆောင်ခြင်း၊ ကားများကို ပိုးသတ်ဆေးဖြန်းပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည်လည်း သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ စည်းကမ်းလိုက်နာမှုရှိမရှိကို တာဝန်ရှိသူများက ပုံမှန်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


