မင်းဘူး  ၂၆      မေ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် မိမိ၏နေအိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးပြီး စားသောက်နိုင်ရန်အတွက် မျိုးစေ့နှင့်ပျိုးပင်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနရုံး၌ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီးဉီးစီးမှူး ညွှန်ကြားရေးမှူး ဦးလင်းမြတ်က ပြည်သူများ Home Garden စိုက်ပျိုးပြီး စားသောက်နိုင်ရန်အတွက် မျိုးစေ့နှင့်ပျိုးပင်များ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

 

“ပြည်သူများ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝစေသော ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ရန်၊ မီးဖိုချောင်ကုန်ကျစရိတ်ကို ကာမိစေပြီး မိသားစုအပိုဝင်ငွေရရှိစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးရေး စနစ်များကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နိုင်ရန်၊ ဟင်းသီး ဟင်းရွက်များအား လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏသာ ခူးဆွတ်စေခြင်းဖြင့် အကြိမ်ကြိမ်ခူးစွတ်စားသုံးနိုင်ရန်၊ စိုက်ပျိုးထားသည့်သီးနှံများအား မိမိကိုယ်တိုင်ပြုစုစောင့် ရှောက်ခြင်းအားဖြင့် စိတ်ချမ်းမြေ့ကြည်နူးစေခြင်းနှင့် စိတ်ကျေနပ်မှုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပေးအပ်ရခြင်းဖြစ်ပါကြောင်း” မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။ ပြည်သူများတစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးကြမည့် ကျေးရွာ(၂၂)ရွာမှ အိမ်ထောင်စုပေါင်း တစ်ထောင်အတွက် မျိုးစေ့ငါးမျိုးအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါမျိုးစေ့နှင့်ပျိုးပင်များပေးအပ်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)