နေပြည်တော် ၂၆ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေး မြေယာပြုပြင် ထွန်ယက်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ ဌာနပိုင် ထွန်စက်ကြီးများဖြင့် ထွန်ယက်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း တိုင်းဦးစီးဌာနမှူး ဦးကျော်ဝေ ထံမှသိရသည်။
လက်ရှိ ကိုဗဇ် - ၁၉ ရောဂါ ဖြစ်နေချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တောင်သူများ၏ မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ရာတွင် အခက်အခဲ မကြုံတွေ့စေရေးအတွက် စက်မှု လယ်ယာစခန်း အမှတ်(၄၇)လယ်ဝေး၊ အမှတ်(၆၈)တပ်ကုန်း၊ အမှတ်(၈၄)ပျဉ်းမနား တွင် ထွန်စက်ကြီး (၆၁)စီး၊ ကောက်စိုက်စက်(၆)စီးနှင့် ရိတ်သိမ်းခြွေလှေ့စက်(၂၁)စီးတို့ဖြင့် မြေယာပြုပြင် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းခြင်းလုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဝန်ဆောင်ခဈေးနှုန်းအနေနဲ့ ထယ်ထိုးခြင်းအတွက် တစ်ဧက(၁၃၀၀၀)ကျပ်၊ ထွန်မွှေခြင်းအတွက် တစ်ဧက(၆၅၀၀)ကျပ်၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းအတွက် တစ်ဧက(၂၅၀၀၀)ကျပ်၊ ရိတ်သိမ်းခြွေလှေ့ ခြင်းအတွက် တစ်ဧက(၃၅၀၀၀)ကျပ်နဲ့ ဆောင်ရွက်ပေးသွားပါမယ်။ ရာသီဉတုကြောင့် စပါး၊ ပြောင်း သီးနှံများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက်ကိုလည်း ပျဉ်းမနားမြို့နှင့်လယ်ဝေးမြို့တို့မှာရှိတဲ့ အခြောက်ခံ စက်ကြီးများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နေပြည်တော်စက်မှုလယ်ဦးစီးဌာန၏ ကြီးကြပ်မှုနဲ့ လယ်ယာထွန်စက်မောင်နှင်ခြင်းကို စိတ်ပါဝင်စားကြသည့် တောင်သူတွေကိုလည်း ထွန်စက်ကြီး မောင်းနှင် ထိန်းသိမ်းမှုပညာသင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေး နေလျက်ရှိပါတယ်’’ ဟု နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးကျော်ဝေ က ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း နေပြည်တော်အတွင်းရှိတောင်သူများ ရာသီအချိန်မီ ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်ရေးဝန်ဆောင်မှုလုပ်ငန်းများ အကူအညီတောင်းခံလိုပါက တိုင်းဦးစီး ဌာနမှူး ဖုန်း ၀၉ ၄၂၀၇၀၀၇၄၀၊ ဒက္ခိဏခရိုင်ဦးစီးဌာနမှူး ဖုန်း ၀၉ ၄၀၂၆၆၄၈၃၃၊ ဥတ္တရခရိုင်ဦးစီးဌာနမှူး ဖုန်း ၀၉ ၄၃၀၃၁၇၀၅ တို့သို့ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း သိရှိရသည်။
ရွှေကုက္ကို


