မိုင်းဖြတ် ၂၆  မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးများကို ဇွန် ၁ ရက်နေ့မှစ၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် နေ့စဉ် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

 

ထိုသို့ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် လက်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မကူးစက်စေရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများကို နေ့အလိုက်ခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများဖြစ်သည့် ဈေးတန်း၊ ကွက်သစ်၊ ဝမ်မိုင်ရပ်ကွက်များကို ဇွန် ၁ ရက်နေ့တွင်လည်းကောင်း၊ တပ်နယ်ပေါင်းစုံကို ဇွန် ၂ ရက်နေ့ တွင်လည်းကောင်း၊ ဝမ်ဟွေရပ်ကွက်နှင့် ဟိုနားကျေးရွာ(ရှမ်း၊ အာခါ၊ လားဟူ)ရွာများကို ဇွန် ၃ ရက်နေ့တွင်လည်းကောင်း၊ ဝမ်ပုံ၊ ဝမ်နောင်ကျေးရွာများကို ဇွန် ၄ ရက်နေ့တွင်လည်းကောင်း အသီးသီး ထိုးနှံပေးသွားမည်ဖြစ်သည်။

 

ကာကွယ်ဆေးများထိုးနှံပေးရာတွင် မိခင်များအနေဖြင့် ကာကွယ်ဆေးထိုးမည့်နေရာသို့ လာမည်ဆိုပါက ပါးစပ်နှာခေါင်း(Mask)များတပ်ဆင်လာရန်၊ ရင်သွေးငယ်များကိုလည်း ပါးစပ်နှာခေါင်း(Mask) စည်းများတပ်ပေး၍ ကလေးများငယ်လွန်း၍ တပ်မရပါက မျက်နှာကာ(Face Shield) သို့မဟုတ် အနှီးပါးဖြင့် အုပ်ပေးထားပါရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ရန် အသိပေးထားပြီး အခြားကျေးရွာအုပ်စုများကိုလည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 သန်းထွန်းအေး(ပြန်/ဆက်)