ကော့သောင်း ၂၆ မေ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလကြောင့် မြန်မာနိုင်ငံသို့ပြန်လာချင်သော်လည်း ထိုင်းနိုင်ငံတွင် ပိတ်မိနေသည့် မြန်မာ အလုပ်သမား အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၈၅ ဦး စုစုပေါင်း အလုပ်သမား ၁၂၄ ဦး မြန်မာနိုင်ငံကော့သောင်းမြို့သို့ ယနေ့ နံနက်ပိုင်းက ရေလမ်းခရီးဖြင့် မြို့မဆိပ်ကမ်းတံတားမှ တစ်ဆင့်ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု ကာလဖြစ်နေသဖြင့် မြန်မာလုပ်သမားများ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ကြန့်ကြာနေခဲ့ခြင်းဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ယနေ့တတိယအကြိမ်မြောက်အဖြစ် လာရောက်လွဲပြောင်း ပေးအပ်ခြင်းဖြစ်သည်။
လာရောက်လွဲပြောင်းပေးအပ်သည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက ရောဂါသံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်းရှိမရှိ စစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
လာရောက်လွဲပြောင်းပေးအပ်သူများမှာ ကော့သောင်းဒေသခံများ အပါအဝင် အခြားပြည်နယ်နှင့် တိုင်းများမှ ဖြစ်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အမျိုးသား အလုပ်သမားများအား ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ၊ သဘာဝဘေးအရေးပေါ် ခိုလှုံရာအဆောက်အဦနှင့် အမျိုးသမီးအလုပ်သမားများအား အေးရိပ်ငြိမ်ရပ်ကွက်၊ ကြက်တောင်အားကစားရုံ ရှိ Community Based Facility Quarantine Center များတွင် Facility Quarantine (၂၁) ထားရှိ စောင့်ကြည့်ကာ အလုပ်သမားအားလုံး၏ Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီးဓာတ်ခွဲစစ်ဆေး၍ ရောဂါဖြစ်ပွားမှုကင်းရှင်းပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အဖွဲ့အစည်းများ ထံသို့ချိတ်ဆက်ကာ Home Quarantine (၇)ရက်ထားရှိ စောင့်ကြည့်နိုင်ရေး စနစ်တကျ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးသွားဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


