မန္တလေး ၂၆ မေ
မန္တလေးမြို့ မျှော်လင့်သစ်လူမှုကူညီရေးအသင်း၊ မသန်စွမ်းနေ့ဖွံ့ဖြိုးရေးစင်တာက အထွေထွေဖွံ့ဖြိုးမှု နောက်ကျပြီး အထူးစောင့်ရှောက်ရန်လိုအပ်သည့် မသန်စွမ်းသက်ငယ်များကို ကိုဗစ်-၁၉ ကာလအတွင်း အိမ်တိုင်ရာရောက်စောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် အဆိုပါစင်တာကိုပိတ်ထားရသည့်အချိန်တွင် စောင့်ရှောက်မှု ကင်းကွာနေသည့် ယင်းမသန်စွမ်းသက်ငယ်များအတွက် အိမ်တိုင်ရာရောက်စောင့်ရှောက်မှုပေးသည့် လုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မျှော်လင့်သစ်လူမှုကူညီရေးအသင်း မသန်စွမ်းသက်ငယ်နေ့ဖွံ့ဖြိုးရေး စင်တာမှ သိရသည်။
"မသန်စွမ်းသက်ငယ်တွေအပေါ် စောင့်ရှောက်တဲ့အသင်းတွေအနေနဲ့ အစိုးရအဖွဲ့က ဖွင့်တဲ့ကျောင်း၊ လူမှုရေးအသင်းတွေက ဖွင့်တဲ့ကျောင်း၊ ပုဂ္ဂလိကဖွင့်တဲ့ကျောင်းဆိုပြီးရှိပါတယ်၊ လူမှုကူညီရေးအသင်းတွေကနေဖွင့်တာ မြန်မာနိုင်ငံမှာ သုံးခုပဲရှိပါသေးတယ်၊ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်မှာရှိတယ်။
မျှော်လင့်သစ် လူမှုကူညီရေးအသင်းကနေ မသန်စွမ်းသက်ငယ်တွေအတွက် စောင့်ရှောက်ဖို့လုပ် ထားတဲ့ကလေးတွေဟာ ကိုဗစ်-၁၉ ကာလမှာ ခေတ္တပိတ်ထားရတယ်၊ အဲဒီကာလအတွင်းမှာ ဒီကလေးတွေဟာ သာမန်ကလေးတွေနဲ့မတူဘဲ သင်ကြားမှု နာယူမှုကို ရပ်ထားခဲ့လို့ရှိရင် တန့်မနေဘဲ နောက်ပြန် ဆုတ်သွားမယ့်သဘောမျိုးရှိပါတယ်၊ ကျောင်းပိတ်ထားတဲ့ကာလအတွင်းမှာ အိမ်တိုင်ရာရောက် ဒီကလေးတွေကို ဆက်လက်ပြီး ပြုစုစောင့်ရှောက်မှုပေးနေပါတယ်၊ အကြောင်းကြောင်းကြောင့် ကျောင်းကိုမပို့ဖြစ်တဲ့ မိဘတွေအနေနဲ့ အိမ်တိုင်ရာရောက် လာရောက်စေချင်တယ်ဆိုရင်လည်း နောက်ပိုင်းမှာ လုပ်ပေးသွားဖို့ အစီအစဉ်တွေရှိပါတယ်၊ အိမ်တွင်းပုံးမသန်သက်ငယ်တွေကိုလည်း ရှာဖွေဖော်ထုတ်ပြီးပြုစုပျိုးထောင်သွားမှာပါ" ဟု အဆိုပါစင်တာ၏ ဥက္ကဋ္ဌဒေါက်တာသန်းထွန်းမြင့်က ပြောသည်။
ယင်းသို့ အိမ်တိုင်ရာရောက်စောင့်ရှောက်မှုပေးသည့် လုပ်ငန်းကို စင်တာမှ ဆရာမငါးဦးဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး မေလအတွင်းသုံးကြိမ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့စောင့်ရှောက်မှု ပေးရာ၌ မသန်စွမ်းသက်ငယ်များ၏ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဧပြီလကတည်းက လုပ်ငန်းစဉ်များကို စတင်ဆောင် ရွက်လျက်ရှိရာ မေလအတွင်း ၇ ရက်၊ ၁၄ ရက်၊ ၂၈ ရက် သုံးပတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လတွင် တစ်ပတ်လျှင်တစ်ကြိမ် စုစုပေါင်း ၄ ကြိမ်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၎င်းက ဆိုသည်။
မသန်စွမ်းသက်ငယ်ကလေးငယ်၏ မိဘတစ်ဦးဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်နေသူ ဖခင် ဦးလှမျိုးအောင်ကလည်း" ကျွန်တော့်သားအသက်က ၁၄ နှစ်ထဲ ရောက်နေပြီ၊ မွေးရာပါ၊ ကိုဗစ်-၁၉ ကာလ အတွင်းမှာ အိမ်တိုင်ရာရောက် လာသင်ပေးမယ့်ကိစ္စကို မိဘတွေအနေနဲ့ ဝမ်းသာစွာကြိုဆိုပါတယ်၊ ဉာဏ်ရည် မမီတဲ့ကလေးတွေဖြစ်တဲ့အတွက် ဒီအတိုင်းပိတ်ထားမယ့်အစား အိမ်ကိုလာသင်ပေးတဲ့အတွက် မိဘတွေ အတွက်ကတော့ နှစ်သက်ပါတယ်၊ အများကြီးအဆင်ပြေပါတယ်၊ ရက်ပျက်သွားရင် မေ့သွားတာတွေဖြစ် လာ နိုင်တယ်၊ ဖြစ်နိုင်ရင် နှစ်ရက်ခြား သုံးရက်ခြား သင်နိုင်ပေးရင်တော့ ပိုအဆင်ပြေပါတယ်ကြိုဆိုပါတယ်၊ ဆရာဆရာမတွေ သင်ကြားမှုအပေါ် ကလေးတွေရဲ့ တိုးတက်မှုကအများကြီးရှိလာပါတယ်" ဟု ပြောသည်။
မန္တလေးမြို့ မျှော်လင့်သစ် လူမှုကူညီရေးအသင်း၊ မသန်စွမ်းနေ့ဖွံ့ဖြိုးရေးစင်တာကို ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဉာဏ်ရည်၊ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာချို့တဲ့ မွေးဖွားလာသည့် မသန်စွမ်းသက်ငယ် ကလေးငယ်များအတွက် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်တည်ထောင်ထားပြီး မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရတနာလမ်း( ၁၃၁ လမ်း)၊ ၅၈ လမ်းနှင့် လမ်း ၆၀ ကြားတွင် ဖွင့်လှစ်ထားရှိကာ စင်တာတွင်လက်ရှိအချိန်အထိ မသန်စွမ်းသက်ငယ်ကလေး ၂ဝ ကျော် ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်


