နေပြည်တော် ၂၆  မေ

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်၊ ဓမ္မဝိဇိတဗိမာန်တော်ကြီး၌ ကျင်းပသည်။

 

လှူဒါန်းပွဲသို့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ကုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတအမှူးပြုသောဆရာတော် ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

 

ရှေးဦးစွာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ကုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတထံမှ ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော် မူကြသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ‌ လျှောက်ထားပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ရှားတော ကျောင်းတိုက် ပဓာနနာယကဘဒ္ဒန္တဥတ္တရထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

 

အဆိုပါ ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ၃၁၇ပါး၊ သီလရှင်၁ပါး၊ စုစုပေါင်း၃၁၈ ပါးတို့အတွက် ဆွမ်းဆန်တော် ၆၃ အိတ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ၄၀ကျောင်းနှင့် သီလရှင် ၁ ကျောင်းတို့တွင် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၄၇၈ပါး၊ သီလရှင် ၅၉ပါး၊ စုစုပေါင်း ၅၃၇ ပါးတို့အတွက် ဆွမ်းဆန်တော် ၁၁၁အိတ်၊ စုစုပေါင်း ရဟန်း၊သာမဏေ၊ သီလရှင် ၈၅၅ ပါးတို့အတွက် ဆွမ်းဆန်တော်အိတ် ၁၇၄ အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn