မန္တလေး ၂၆ မေ
ကိုဗစ်-၁၉ ရောဂါနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲများကြောင့် တရုတ်ပြည်မှ သရက်သီး ဝယ်ယူများ လျော့နည်းသဖြင့် သရက်ပျဉ်ပြုလုပ်မှုများ ပိုများလာကြောင်း သိရသည်။
" ခါတိုင်းနှစ်ထက်ဆိုင်ရင် သရက်သီး ဝယ်ပေမယ့် နည်းတယ်။ တရုတ်ပြည်ကို ခါတိုင်း တစ်ညအိပ်နဲ့ ရောက်တယ်။ အခုဆို နှစ်ညအိပ်မှ ရောက်တယ်။ အဲရောက်တော့ သရက်သီးက မှည့်ပြီ။ အဝင်အထွက်လည်း ခက်တာကြောင့် ဈေးလည်းကျတယ်။ အကုန်မသိမ်းနိုင်တော့ အမှည့်တွေ ကျန်တယ်။ ပုံမှန်လည်း သရက်ပြင် လုပ်ကြတယ်။ ဒီနှစ်ပိုပြီး သရက်ပျဉ် လုပ်တယ်။ မှည့်တဲ့အသီး ဈေးကွက်တင်ပို့လို့ မရတဲ့အသီးတွေဆို သရက်ပျဉ်လုပ်တာ များတယ်။ သရက်သီးအစိမ်းဆိုရင်လည်း စားဖတ်တို့ ချဉ်ဖတ်တို့ သရက်ချဉ်တို့ လုပ်ကြတယ်။ သရက်သီးကို အကင်းကနေ အမှည့်အထိ အလဟသတ် မဖြစ်အောင် လုပ်ကြတယ်။" ဟု ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်ကျေးရွာအုပ်စု၊ ဂိုက်တန်းကျေးရွာမှ သရက်ပျဉ်ပြုလုပ်သူ မစုစုက ပြောသည်။
သရက်ပျဉ်ပြုလုပ်ပုံ အဆင့်ဆင့်မှာ သရက်သီးများကို သန့်စင်ပြီး အခွံနွှာကာ အသားများကို လှီးထုတ်လိုက်ကြောင်း၊ သရက်သီးအသားများကို မီးပြင်းပြင်းဖြင့် ကျက်အောင်ကျိုကာ အနှစ်ရအောင် ချေကြောင်းနှင့် သရက်သီးအနှစ်များကို ပလက်စတစ် အပါးပေါ်တွင် ဆီသုတ်ကာ မိမိလိုချင်သော သရက်ပျဉ် အနေအထားပေါ် မူတည်ပြီး ဖြန့်၍ နေလှန်းရကြောင်း သိရသည်။
" သရက်ပျဉ်က ဒီနှစ်တော့ အချိန်ပိုမယ်။ ခါတိုင်းနှစ်ဆို အချိန် ၁၀၀၊ ၂၀၀ ဆို ကုန်သွားပြီ။ ဒီနှစ်တော့ အစောပိုင်းကတည်းက ရောင်းဖို့ အချိန် ၁၀၀ ပို့လိုက်ပြီ။ ဒီနှစ် သရက်ပြင်အချိန်ပိုတယ်ဆိုတာက အသီးကလည်း မှည့်ပြီး အဝေးပို့မရရင် ကျိုလိုက်ရတာဆိုတော့ များတယ်။ ခြံတိုင်းကလည်း ဈေးကွက်စောင့်လိုက် လမ်းပန်းစောင့်လိုက်ဆိုတော့ မှည့်ကုန်တော့ အကုန်ကျိုးကြရတယ်။ " မစုစုက ဆက်လက် ပြောသည်။
သရက်ပျဉ်များကို ရန်ကုန်သို့ အများဆုံး တင်ပို့ရောင်းချရပြီး ဒေသအစုံလည်း တင်ပို့ရကြောင်း၊ သရက်ပျဉ်များကို ဧည့်ခံကျွေးမွေးသည့် နေရာတွင် အသုံးပြုကြပြီး သရေစာအဖြစ် စားသုံးကြကြောင်းနှင့် ခြောက်သွေ့ပြီး အေးသောနေရာတွင် ထားပါက တစ်နှစ်ပတ်လုံး ထားရကြောင်း သိရသည်။
ထိပ်ထားနိုင်


