မကွေး  ၂၆  မေ

 

မကွေးမြို့၊ မြို့မဈေးလမ်းပေါ်ရှိ ကရုဏာရှင်များ နာရေးကူညီမှုအသင်းရုံးဝင်းအတွင်း၌ Community Fever Clinic လူထုအခြေပြု ဖျားနာကုသဆေးခန်းအား မေ ၂၆ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီး ကိုဗစ်ကာလ၌ ဖျားနာနေကာ ဘယ်ဆေးခန်း ပြရမှန်းမသိ ဖြစ်နေသူများအတွက် တနင်္လာ၊ ကြာသပတေး နှင့် စနေနေ့တိုင်း နံနက် ၈ နာရီ မှ ၁၀ နာရီထိ အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ကိုဗစ်ကာလ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ ဖျားနာသူများကို လက်ခံကုသမှု နည်းသွားချိန်တွင် Quarantine ဝင်ရမည်စိုး၍ အစိုးရဆေးရုံသို့ လာမပြရဲသူများလည်း ရှိနေသည့်အတွက် ဖျားနာလူနာများ၏ လိုအပ်ချက်တစ်ခုကို ယခုဖွင့်လှစ်သည့် ဆေးခန်းက ဖြည့်ဆည်းလိုက်ခြင်းဖြစ်သည်။

 

“ကုသမယ့်ဆေးခန်းရဲ့ဒီဇိုင်းက လူနာနဲ့ ကျန်းမာရေးအထောက်အကူပြုအဖွဲ့တွေ ထိတွေ့မှုနည်းနိုင်သမျှ နည်းအောင်  စမ်းသပ်စစ်ဆေးတဲ့နေရာမှာ မှန်နဲ့ ပလတ်စတစ် အကာနံရံတွေ လုပ်ထားတယ်။ (Level 2) PPE ဝတ်စုံတွေ ပေးထားပါတယ်။ ဝင်လမ်းထွက်လမ်း တစ်လမ်းသွားစနစ် နဲ့ အနည်းဆုံး ၆ ပေခြားပြီး နေရာထိုင်ခင်း စီစဉ်ထားပါတယ်။ ညွှန်ကြားချက် အတိုင်း လိုက်နာမယ်ဆိုရင်တော့ ရာနှုန်းပြည့်နီးပါး Safety ဖြစ်မှာပါ။ လေ့ကျင့်မှုတွေ သင်တန်းတွေလည်း ပေးထားပါတယ်” ဟု မကွေးတိုင်း ဖျားနာကုသဆေးခန်း၏ နည်းပညာ အထောက်အကူပေးရေး ကော်မတီ အတွင်းရေးမှူး ပါမောက္ခဒေါက်တာ သိန်းမြင့် (မကွေးဆေးတက္ကသိုလ်) က ပြောသည်။

 

ဝန်ထမ်းဆရာဝန်များက သူ့တာဝန်နှင့်သူ ဆေးရုံတွင်အပြည့်ဖြစ်နေ၍ ပုဂ္ဂလိက အထွေထွေရောဂါကု ဆရာဝန် (၉) ဦး၊ သူနာပြုဆရာမ(၆)ဦး နှင့် ကြက်ခြေနီ(၁၇)ဦး၊ မီးသတ်(၉)ဦးတို့က ဆေးခန်းတွင် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ဆရာဝန်(၁)ဦး၊ သူနာပြု(၁)ဦး၊ ကြက်ခြေနီ(၃)ဦး၊ မီးသတ်(၃)ဦး တာဝန်ချထားပြီး စမ်းသပ်စစ်ဆေးခြင်းများ၊ ထိုင်ခုံ နှင့် စမ်းသပ်ကိရိယာများကို နေ့စဉ်ပိုးသတ်ဆေးဖျန်းခြင်း၊ ဆေးခန်းပြလူနာများအား အဝင်အထွက် နေရာများ၌ Mask တပ်ရန် သတိပေးခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာ ဖြူဖြူထွန်းက ရှင်းပြသည်။

 

ဆေးခန်းကို မြန်မာနိုင်ငံဆရာဝန်များအသင်း(မကွေး)၊ ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်း နှင့် မကွေးမြို့ ဂရုဏာရှင်များ နာရေးကူညီမှုအသင်း တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးလှ နှင့် ကျန်းမာရေးတာဝန်ရှိသူများ တက်ရောက်၍ စမ်းသပ်စစ်ဆေးမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 

ဇေယျတု(မကွေး)