မိတ္ထီလာ  ၂၆   မေ

 

မိတ္ထီလာ၌ ၂ဝ၂ဝ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေအား Mobile Payment ဖြင့်ပထမဆုံးအကြိမ် စမ်းသပ် ထုတ်ချေးခြင်းကို မကျီးကုန်းကျေးရွာ ဒေသခံတောင်သူ ၁၀ ဦးအတွက် မေလ ၂၆ ရက်နေ့က ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိတ္ထီလာခရိုင်မန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင်ထံက သိရသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်အနေနဲ့ ဒီနှစ်မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေကို ဒေသခံတောင်သူတွေ ထံထုတ်ချေးရာမှာ ထုတ်ချေးပေးတဲ့နေရာကို လူကိုယ်တိုင်လာရောက်ထုတ်ယူစရာမလိုဘဲ Wave Money ကနေ ထုတ်ယူနိုင်တဲ့ Mobile Payment အစီအစဉ်နဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နဲ့ မိတ္ထီလာမှာ ပထမဆုံး စမ်းသပ်ဆောင်ရွက်တာပါ။ မိတ္ထီလာမှာ အခုလို ပထမဆုံးအကြိမ် စမ်းသပ်ဆောင်ရွက်တဲ့ Mobile Payment အစီအစဉ်နဲ့ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးပေးတာကို မကျီးကုန်းကျေးရွာက ဒေသခံတောင်သူ  ၁ဝ ဦး အတွက် ထုတ်ချေးငွေလေးဆယ့်နှစ်သိန်းငါးသောင်းကျပ်ကို ဒီနေ့ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ Mobile Ment အစီအစဉ်ကြောင့် ချေးငွေထုတ်ယူတဲ့ တောင်သူတွေအနေနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ ၇ နဲ့ ချေး ငွေစာချုပ်ဝန်ခံကတိလက်မှတ်ရေးထိုးပြီးရင် ထုတ်ချေးရာနေရာကို လူကိုယ်တိုင်လာစရာမလိုဘဲ Wave Money  ထုတ်ယူနိုင်တဲ့ဘယ်နေရာမဆို ချေးငွေကိုရယူနိုင်တာကြောင့် များစွာအချိန်ကုန်သက်သာပြီး အဆင်ပြေစေမှာ ဖြစ်ပါတယ် ခရိုင်ဘဏ်မန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင်က ပြောသည်။

 

အဆိုပါ Mobile PayMent အစီအစဉ်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ယူရန် စိတ်ဝင်စားသည့် တောင်သူများမှ ဆန္ဒရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

အလားတူ ပုံမှန်မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးခြင်းကို မေလ ၁၅ ရက်နေ့မှစတင်၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မိတ္ထီလာ အထက ၂တွင် လက်ဆေးရန်နေရာများ စီစဉ်ထားရှိခြင်း၊ ချေးငွေထုတ်ယူမည့် တောင်သူများအား Social Distanting ဖြင့် နေရာချထားထုတ်ချေးပေးခြင်း စသည့် အစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။  

 

 မိတ္ထီလာတွင် ကျေးရွာအုပ်စု ၅၅ အုပ်စု မှ တောင်သူ ၁ဝ၃ဝဝ ဦးခန့်၏  လယ် ၁၇၂၁၉ ဧက၊ ယာ ၃၉၁၅၃ ဧကအတွက် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်    ၆၄၉၈၁ ဒသမ ၅၀ သိန်း အား မေလမှ  စက်တင်ဘာလ အတွင်း ပြီးစီးအောင် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)