၂၆ မေ

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် သီးသန့်ခွဲခြားနေထိုင်ရမယ့် စည်းမျဉ်းကို မလိုက်နာတဲ့  အမျိုးသားတစ်ဦးကို ထောင်ဒဏ်လေးလ ဒီနေ့ (အင်္ဂါနေ့) မှာ ချမှတ်လိုက်ကြောင်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး အခုချမှတ်တဲ့ ပြစ်ဒဏ်ဟာ နိုင်ငံရဲ့ ပထမဦးဆုံးအမှုဖြစ်တယ်လို့ သိရပါတယ်။

 

အသက် ၂၇ နှစ် အရွယ် အမျိုးသားဟာ သီးသန့်ခွဲခြားနေထိုင်ရမယ့် စည်းမျဉ်းကို နှစ်ကြိမ် ချိုးဖောက်တဲ့အတွက် ဧပြီလက ဖမ်းဆီးခံခဲ့ရပါတယ်။  ပထမအကြိမ်မှာ နေအိမ်တွင် ၁၄ ရက် သီးသန့်ခွဲ့ခြား နေထိုင်ရမယ့်စည်းမျဉ်းကို မလိုက်နာခြင်းနဲ့ ဒုတိယအကြိမ်မှာ တာဝန်ရှိသူတွေရဲ့ စောင့်ကြည့်မှုအောက်တွင် နေထိုင်ရတဲ့ သီးသန့်ခွဲခြား နေထိုင်ရတဲ့ အဆောက်အအုံကို ခွင့်ပြုချက်မရှိဘဲ ထွက်ခွာခြင်း စတဲ့ ပြစ်မှုနှစ်မှုကို ကျူးလွန်းခဲ့ကြောင်း သိရပါတယ်။

 

တောင်ကိုရီးယားတရားရုံး တစ်ရုံးကနေ ကူးစက်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဥပဒေကို ချိုးဖောက်တဲ့အတွက် ထောင်ဒဏ် လေးလ ချမှတ်ခံခဲ့ရပါတယ်။ တရားစွဲဆိုတဲ့သူတွေက တစ်နှစ်တိတိ ထောင်ဒဏ်ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအရ  ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရေးဥပဒေကို ရည်ရွယ်ချက်ရှိရှိနဲ့ ချိုးဖောက်ခဲ့ရင် ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ဝမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၈၀၀၀) ဒဏ်ငွေပေးဆောင် ရမယ်လို့ပါရှိကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP