နေပြည်တော် ၂၆ မေ
ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ၊ ကျောင်းထွက်သူမရှိရေးတို့ကို အခြေခံ၍ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော သင်ယူမှုအခွင့်အလမ်း မြင့်မားစေရေးကိုဦးတည်လျက် အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဇူလိုင်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော လုံခြုံဘေးကင်း၍ အရည်အသွေး ကောင်းမွန်သည့် အခြေခံပညာအထက် တန်းအဆင့်ကျောင်းများဖွင့်လှစ်ရာတွင် တွေ့ကြုံရမည့် လိုအပ်ချက်၊ အားနည်းချက်များကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်းများ တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ လိုက်နာရမည့်အချက်များဖြစ်သည့် ကျောင်းသို့မလာမီနှင့် လာရောက်စဉ် မိဘနှင့်ကျောင်းသားကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းသို့ရောက်ရှိပြီး စာသင်ကြားချိန်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ မုန့်စားနားချိန်နှင့် ထမင်းစားနားချိန်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူများ လိုက်နာရမည့်အချက်များ၊ စာသင်ကြားပြီး ကျောင်းမှအပြန်တွင် မိဘနှင့်ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းတွင်းရှိ စာသင်ခန်းများတွင် ပြင်ဆင်ထားရှိရမည့် အချက်များတို့ကို လိုက်နာဆောင်ရွက်ရန်အတွက် အချိန်မီပြုစုတင်ပြရမည် ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြင့် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိသူများ တွေ့ရှိနေရပါသဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် အထူးသတိပြု လိုက်နာစီစဉ်ဆောင်ရွက်ရမည်မှာ လူတိုင်းပြန်လည်အသုံးပြု၍ရသော Mask တပ်ဆင်ရန်နှင့် နေ့စဉ်လူအများတွေ့ဆုံမှု လျှော့ချရန်၊ လူအုပ်စုများဖြစ်ပေါ်လာနိုင်မှုကို လျှော့ချရန် အရေးကြီးပါကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး၊ ကျောင်းသား အချင်းချင်း၊ ကျောင်းသား၊ ဆရာတို့ အနည်းဆုံး (၆)ပေ ကွာခြားရန်လိုပါကြောင်း၊ အလယ်တန်း၊ အထက်တန်းစာသင်ခန်းများမှာလည်း တစ်ခန်းလျှင် (၃၀ x ၂၄) ပေဖြစ်သဖြင့် အနည်းဆုံး (၆)ပေကွာခြားနိုင်ရေးအတွက် အများဆုံး (၂၀)ဦး အတွက်သာ ခုံစီရန်နှင့် မူလတန်းစာသင်ခန်းများတွင်လည်း အနည်းဆုံး (၆)ပေ ကွာခြားနိုင်ရေးကိုသာ ဦးစားပေး၍ ခုံစီရမည်ဖြစ်ပါကြောင်း၊ ကျောင်းအလိုက် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြဆရာဦးရေနှင့် စုစုပေါင်း အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် ကျောင်းသားဦးရေ၊ ကျောင်းအလိုက်နှင့် အတန်းလိုက် အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် ဆရာ၊ ကျောင်းသားအချိုးနှင့် စာသင်ခန်း ကျောင်းသားအချိုးတို့ကို အခြေခံ၍ ပုံမှန်ဖွင့်လှစ်နိုင်မည့် ကျောင်းများ၊ တစ်ပတ်ခြား တက်နိုင်မည့်ကျောင်းများ၊ ကျောင်းချိန် နှစ်သုတ်တက် (2 Shifts) ဖွင့်လှစ်နိုင်မည့်ကျောင်းများ၊ ကျောင်းချိန်နှစ်သုတ် (2 Shifts) တက်၍ တစ်ပတ်ခြား ဖွင့်လှစ်နိုင်မည့်ကျောင်းများ၊ အခက်အခဲရှိသော ကျောင်းများစသဖြင့် စာရင်းပြုစုတင်ပြရမည် ဖြစ်ပါကြောင်း၊ လက်တွေ့ကျကျ အခြေခံပညာကျောင်းများအားလုံး အဆင့်အလိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအလိုက်၊ မြို့နယ်အလိုက်၊ ခရိုင်အလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်၊ အခြေခံပညာဦးစီးဌာနအလိုက် စီမံချက်များ စနစ်တကျပြုစု၍ တင်ပြရန်လိုအပ်ပါကြောင်း။
ကျောင်းတွင်းစာမေးပွဲများနှင့် G-5, G-9 စာမေးပွဲများ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းထုတ်ပြန်ရေး လုပ်ငန်းများကို စနစ်တကျ အလေးထား ကြီးကြပ်ဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကုဒ်လုပ်ငန်း၊ စာစစ်လုပ်ငန်း၊ အောင်စာရင်း ထုတ်ပြန်ရေးလုပ်ငန်းများကိုလည်း စနစ်တကျ အလေးထား ကြီးကြပ်ဆောင်ရွက်ရန် လိုပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များ ကျောင်းများသို့ အချိန်မီပုံနှိပ်ဖြန့်ဝေ နိုင်ရန်၊ ဗလာစာအုပ်များ အချိန်မီ ပုံနှိပ်ဖြန့်ဝေနိုင်ရန်၊ အခြေခံပညာကျောင်း (၆၀၂၁)ကျောင်းတွင် ကန့်သတ်စောင့်ကြည့်စခန်းများ အဖြစ်အသုံးပြုပြီး ပိုးသတ်ဆေးဖြန်းပြီးပါက ဇွန် ၁၅ ရက်တွင် ပြန်လည်လွှဲပြောင်းလက်ခံ၍ လိုအပ်သည်များပြင်ဆင်ထားကြရန်၊ ရေ၊ ဆပ်ပြာ၊ လက်ဆေးဂျယ် (Hand Sanitizer Gel)၊ သန့်စင်ခန်း၊ ကိုယ်ပူချိန်တိုင်း ကိရိယာ (Infrared Thermometer) များ ဖြည့်ဆည်းထားရှိရန်၊ ဆရာများနှင့် ကျောင်းသားများအားလုံးကို ပြန်လည်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်း (Mask)နှစ်ခုစီနှင့် မျက်နှာကာ (Face Shield) တစ်ခုစီ အခမဲ့ဖြန့်ဝေရန်၊ PPE ဝတ်စုံများ ဖြည့်ဆည်းရန်၊ ကျန်းမာရေးဌာနနှင့် ဆေးခန်းများသို့ ဆက်သွယ်နိုင်ရေး ဖုန်းနံပါတ်များကို ပြုစုထားရှိရန်နှင့် လိုအပ်သည်များဖြည့်ဆည်းပေးရန် စသည်တို့ကို စီစဉ်ဆာင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာဆရာမများအား တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ခန့်အပ်သွားရေး၊ ဆရာ၊ ဆရာမများ ရာထူးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်း၊ ကျောင်းအဆင့်တိုးခြင်းစာရင်းများတို့ကို ထုတ်ပြန်ပေးရေးနှင့် တာဝန်ကျရာနေရာဒေသသို့ အဆင်ပြေစွာ သွားရောက်တာဝန် ထမ်းဆောင်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားရန်၊ သင်ရိုးသစ် G-4, G-7, G-10 ကျောင်းသုံးဖတ်စာအုပ်အသစ်များ၊ ဆရာလမ်းညွှန်စာအုပ်အသစ်များ၏ ကာလတို သင်ကြားသင်ယူမှုနည်းလမ်း မွမ်းမံသင်တန်းများ အတွက်လည်း အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် ယခုပညာသင်နှစ်အတွက် စီစဉ်ဆောင်ရွက်မှုများနှင့် ကိုက်ညီသော သင်ရိုးမာတိကာ၊ သင်ခန်းစာများ စီစဉ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကျန်းမာရေးအသိပညာပေး ဆိုင်ရာ မွမ်းမံသင်တန်းများကိုလည်း စီစဉ်ဆောင်ရွက်သွားရန်နှင့် စကားဝိုင်းဆွေးနွေးပွဲများ၊ ပညာပေးသင်တန်းများ စီစဉ်ဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့် ဈေးတန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီသော ဈေးဆိုင်များကိုသာ ဖွင့်လှစ်ရောင်းချရေး စီမံဆောင်ရွက်သွားရန်၊ ကျောင်းကြို/ ပို့ယာဉ်များရှိ နှစ်ယောက်တွဲခုံများတွင် ကျောင်းသား၊ကျောင်းသူ တစ်ယောက်စီသာ စီးနင်းလိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ကျောင်းကြို/ပို့ယာဉ်များ လုံလောက်ခြင်းမရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ယာဉ်ဌားရမ်းအသုံးပြုရေး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။
ကျောင်းများတွင် အရန်ခန်းထားရှိရေး စီစဉ်ဆောင်ရွက်၍ ကျောင်းတွင်ရောဂါပိုးရှိသည့် ကျောင်းသား၊ ကျောင်းသူတွေ့ရှိမည်ဆိုပါကလည်း ကျောင်းကိုယာယီပိတ်ထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ကျောင်းအပ်နှံရေး သီတင်းပတ်တွင် လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များကိုလည်း အောင်မြင်အောင် မိဘ၊ အုပ်ထိန်းသူ၊ ဆရာများ၊ ပြည်သူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်နှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆွေနှင့် အဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်၊ မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


