နေပြည်တော် ၂၆ မေ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ (D.Litt.) (Ph.D.) သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရထံ ကိုရီးယားသမ္မတနိုင်ငံမှ အလှူရှင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းသည့် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများအား မြန်မာနိုင်ငံအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ချင်းပြည်နယ်အတွင်း ဝေးလံခေါင်ဖျားသည့် ဒေသများရှိ ပြည်သူများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှတစ်ဆင့် ဖြန့်ဝေရန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသည်။
အခမ်းအနားသို့ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရနှင့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သီတဂူဆရာတော်ကြီးက ဩဝါဒကထာ မိန့်ကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံမှ အလှူရှင် ဒါယကာ၊ ဒါယိကာမ များအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ဝေးလံခေါင်ဖျား၍ သွားလာရေးအလွန်ခက်ခဲကာ အအေးလွန်ကဲသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအတွက် သဒ္ဓါတရားထက်သန်စွာ လှူဒါန်း ပေးခြင်းဖြစ်ကြောင်းနှင့် ယခုလို မိုးဦးကာလ၌ ရင်ဆိုင်ကြုံတွေ့ရမည့် ရာသီဥတုဒဏ်ကို အံတုနိုင်ရန်အတွက် လှူဒါန်းသည့် အအေးဒဏ်ခံ အဝတ်အထည်နှင့် လူအသုံးအဆောင်ပစ္စည်းများအား အမြန်ဆုံးဖြန့်ဝေ ပေးပို့နိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် မိန့်ကြားသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးယခင်ကတည်းကပင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ပူးပေါင်း၍ နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး အစရှိသည့် လှူဒါန်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု သီတဂူဆရာတော်ကြီး၏ လမ်းညွှန်မိန့်ကြားချက်အရ အဆိုပါ အဝတ်အထည်နှင့် လူအသုံးအဆောင် ပစ္စည်းများအား အအေးဓာတ်များပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ဝေးလံခေါင်ဖျားသော ဒေသများဖြစ်သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း)၊ ချင်းပြည်နယ် (မင်းတပ်၊ မတူပီ) ဒေသအတွင်းရှိ ဒေသခံပြည်သူတို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့ ပူးပေါင်းစီမံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ထို့နောက် သီတဂူဆရာတော်ကြီးက ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းထောက်ပံ့သည့် အဝတ်အထည်နှင့် လူအသုံးအဆောင်ပစ္စည်းအမျိုးအစား (၁၆) မျိုး စုစုပေါင်းအရေအတွက် (၄၉,၈၉၈) တို့အား နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးထံ လွှဲပြောင်းပေးအပ်သည်။
ယနေ့ လှူဒါန်းပေးခဲ့သော ပစ္စည်းများမှာ လူကြီးဝတ်(ကျား) အင်္ကျီနှင့်အနွေးထည် (၂၇၄၅) ထည်၊ ဘောင်းဘီ (၆၆၇) ထည်၊ ခေါင်းစွပ် (၅၂)ခု၊ ဦးထုပ် (၃၂၇) လုံး၊ လူကြီးဝတ် (မ) အင်္ကျီနှင့် အနွေးထည် (၁၁၈၁၁) ထည်၊ ဘောင်းဘီ (၄၃၃၇) ထည်၊ မာဖလာ (၆၆၉)ခု၊ စွပ်ကျယ် (၁၅၁)ထည်၊ လည်စည်း (၈၅)ခု၊ စကပ် (၈၃၄)ထည်၊ အင်္ကျီ+ဘောင်းဘီဝမ်းဆက် (၂၈) စုံ၊ ပိုက်ဆံအိတ် (၈၄) ခု၊ ဖိနပ် (၃၅)ရံ၊ ခါးပတ် (၁၆)ခု၊ ကလေးဝတ်(ကျား) အင်္ကျီနှင့်အနွေးထည် (၁၄၈၆) ထည်၊ ဘောင်းဘီ (၁၇၅) ထည်၊ ခေါင်းစွပ် (၁၀၀)ခု၊ ကလေးဝတ် (မ) အင်္ကျီနှင့် အနွေးထည် (၅၃၉) ထည်၊ ဘောင်းဘီ (၅၈၈) ထည်၊ အင်္ကျီ+ဘောင်းဘီဝမ်းဆက် (၃၀၀) စုံ၊ ဦးထုပ် (၁၆၃၄)လုံး၊ ကျောပိုးအိတ် (၁၄၃)လုံး၊ ဘောပင်(၁၇၂၂၂)ခု နှင့် ယပ်တောင် (၅၈၇၀) ခု စုစုပေါင်းအရေအတွက် (၄၉,၈၉၈) ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


