နေပြည်တော် ၂၆ မေ
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ ဖတ်ရှုမှီငြမ်းပြုနိုင်ရန်နှင့် လွှတ်တော်စာကြည့်တိုက်များတွင် ထားရှိနိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ပြည်ထောင်စုလွှတ်တော်သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ အခြေခံပညာအထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုလွှတ်တော်နာယက ရုံးခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က လူ့အဖွဲ့အစည်း တစ်ရပ်လုံးက ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားပြီး လက်တွေ့လိုက်နာ ကျင့်သုံးတတ်စေရန်၊ မိမိတို့ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သော အတွေးအမြင်များရရှိစေရန်နှင့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ယခုလို ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရေးသားပြုစုခဲ့ခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။ ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ရည်ညွှန်းစာစောင် (၄) အုပ်ပါ အစုံ (၇၀၀) အား ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ထံသို့ လွှဲပြောင်းပေးအပ်သည်။
ပြည်ထောင်စုလွှတ်တော်နာယကက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရည်ညွှန်းစာအုပ်များ ရေးသားပြုစု၍ လွှဲပြောင်းပေးအပ်ခြင်းအတွက် ဂုဏ်ယူပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဤရည်ညွှန်းစာစောင်များ ရေးသားပြုစုဖြန့်ဝေနိုင်ခြင်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်များအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကော်မရှင်နှင့် ကျရာကဏ္ဍမှ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


