မန္တလေး ၂၆ မေ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဒေါက်တာရဲလွင်နှင့် ဦးဇာနည်အောင်တို့သည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၃ နာရီက မန္တလေးမြို့ မဟာအောင်မြို့နယ်၊ ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL) တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ်စက် တပ်ဆင်ပြီးစီးနေမှုနှင့် ရောဂါစမ်းသပ်ရှာဖွေရေးနှင့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ အသုံးပြုမှုသင်တန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အဖွဲ့သည် အဆိုပါဌာန ပရဝဏ်အတွင်း၌ မန္တလေးမြို့ ကိုဗစ်-၁၉ ရောဂါ ရန်ပုံငွေရှာဖွေရေးကော်မတီမှ ဆောက်လုပ်လှူဒါန်းမည့် အလျား ၆၉ ပေ၊ အနံ ၅၈ ပေ အကျယ်အဝန်းရှိ နိုင်ငံတကာအဆင့်မီ အထက်မြန်မာပြည် ပင်မဓာတ်ခွဲခန်း အဆောက်အအုံ ဆောက်လုပ်ရန် လျာထားသည့် မြေနေရာအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ၎င်းအဆောက်အအုံအား တည်ဆောက်လှူဒါန်းမည့် မန္တလေးမြို့ ကိုဗစ်-၁၉ ရောဂါ ရန်ပုံငွေရှာဖွေရေးကော်မတီမှ ဦးကျော်ကျော်ဝင်းနှင့် အဆောက်အအုံ ဒီဇိုင်တာဝန်ခံ ဦးဇင်မင်းဆွေတို့က အဆောက်အအုံ ဆောက်လုပ်မည့် အခြေအနေများအား ပုံစံဒီဇိုင်များဖြင့် ရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယူနန်ပြည်နယ်မှ ရောက်ရှိနေကြသည့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် ကုသရေး အထူးအလုပ်အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ တပ်ဆင်ပြီးစီးနေသည့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲခန်းအတွင်း ဇီဝလုံခြုံမှုစနစ်ဖြင့် ရောဂါစမ်းသပ်စစ်ဆေးမှု လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ လက်တွေ့ပြသမှုများအား လိုက်လံကြည့်ရှုရာ ယူနန်ပြည်နယ် ဓာတ်ခွဲပညာရှင်များမှ အသေးစိတ် လိုက်ပါရှင်းလင်းပြသပြီး ယူနန်ပြည်နယ်မှ လှူဒါန်းထားသည့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို ကြည့်ရှုခဲ့ကာ ယူနန်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယူနန်ပြည်နယ်ဓာတ်ခွဲပညာရှင်အဖွဲ့မှ ပို့ချပေးနေသည့် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ရှာဖွေရေးနှင့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း အသုံးပြုမှု သင်တန်းသို့ သွားရောက်၍ စာတွေ့လက်တွေ့ သင်ကြားနေမှုများအား ကြည့်ရှုအားပေးပြီး အဆိုပါသင်တန်းသို့ တက်ရောက်နေကြသည့် မန္တလေး၊ လာရှိုး၊ တောင်ကြီးနှင့် မော်လမြိုင်မြို့တို့မှ သင်တန်းသား သင်တန်းသူ ၂၂ ဦးတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ယခုတပ်ဆင်ပြီးစီးသည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမည့်စက်အား နှစ်ရက်ကြာ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ပြီး မေလကုန်တွင် ဓာတ်ခွဲအတည်ပြု စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းမျာကို စတင်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ အသစ်ထပ်မံတည်ဆောက်မည့် နိုင်ငံတကာ အဆင့်မီ နှစ်ထပ်ခွဲ ဓာတ်ခွဲခန်းအဆောက်အအုံအသစ်အား လာမည့်ဇွန်လဆန်းတွင် စတင်ဆောက်လုပ်ကာ သုံးလနှင့်အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)



