မြဝတီ ၂၆ မေ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက မြဝတီမြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များ ကြိုဆိုလက်ခံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြဝတီမြို့ ရွှေမြဝတီ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းသို့ သွားရောက်ပြီး နေရပ်ပြန်များအား ကန့်သတ်စောင့်ကြည့်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတား၊ BCF ဇုန်သို့ သွားရောက်ကာ ပြန်လည်ကြိုဆိုလက်ခံနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် မြဝတီခရိုင် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က နေရပ်ပြန်လာသူများအား ကြိုဆိုရေးလုပ်ငန်း၊ ကန့်သတ်စောင့်ကြည့်ထားရှိရေးလုပ်ငန်း၊ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရေးလုပ်ငန်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး အခြေအနေများနှင့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက်လာသူများမှ သက်ဆိုင်ရာအလိုက် လုပ်ငန်းလိုအပ်ချက်များအား တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မဲကနယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းနှင့် မဲကနယ် တိုးချဲ့ကွက်သစ်တွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ရပ်ကွက် ၆/၇ ကွက်သစ် ဖော်ဆောင်နေသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြဝတီမြို့ရှိ ဘုန်းတော်ကြီးကျောင်းများဖြစ်သည့် သမ္မဂ္ဂသုခကျောင်း၊ တောရကျောင်းနှင့် အေးစေတီတောင်ပေါ်ကျောင်းများသို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


