mdn

ဓနုဖြူ ၂၆ မေ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၂၆ ရက် မွန်းလွဲ နာရီက မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကျုံပျော်- သောင်ကြီး- ဓနုဖြူ- မရမ်းချောင်း ဖြတ်တာ (တာမိုင် ၆၁-၆၂) တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မိုးရာသီမတိုင်မီ လုပ်ငန်းများပြီးပြတ်အောင် အမြန်ဆုံးဆောင်ရွက်ရေးနှင့် အရည်အသွေး စံချိန်စံညွှန်းမီလုပ်ငန်းဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဓနုဖြူမြို့နယ်ရှိ တမြာမြစ်ရေတင်စီမံကိန်းဖြင့် နွေစပါး/မိုးစပါးဧက (၁၀၀၀) စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး အလေးပေးဆောင်ရွက်သွားရန်၊ စီမံကိန်း ရေရှည်အသက်ဝင်ရန်နှင့် အမှန်တကယ် အကျိုးရှိပြီး ထိရောက်သော စီမံကိန်းဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ထက်ဝေဖြိုး (ပြန်/ဆက်)