mdn

နေပြည်တော် ၂၆ မေ

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ဆိုင်ရာ Country Director Ms. Mariam J. Sherman အား မေ ၂၆ ရက်က Video Conference ဖြင့် လက်ခံတွေ့ဆုံသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်မှ ပံ့ပိုးပေးခဲ့သည်များကို ကျေးဇူးတင်ရှိပါကြောင်း၊ အထူးသဖြင့် အဆင့်မြင့် ငွေစက္ကူရေတွက်စစ်ဆေးစက်များ တပ်ဆင်ခြင်းနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သင်တန်းကျောင်းများ တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းများအတွက် ပံ့ပိုးပေးခဲ့မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ Country Director Ms. Mariam J. Sherman မှ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးရန်အသင့်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ် (Reform Agenda) အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်အကူအညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးစိုးမင်း၊ ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့သည်။

 

သတင်းစဉ်