ရန်ကုန် ၂၆ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရာတွင် မသန်စွမ်းသူတစ်ဦးချင်းစီ၏ လိုအပ်ချက်တို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေးစီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ၎င်းစီမံချက်အရ ကိုဗစ်-၁၉ အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိက မျက်မမြင်ကျောင်း (၁၃)ကျောင်းရှိ အမြင်အာရုံမသန်စွမ်းသူ (၆၅၈)ဦးအတွက် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များနှင့် တစ်ကိုယ်ရည်သုံး ကာကွယ်ပစ္စည်းများဝယ်ယူနိုင်ရန် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာရအသင်း၊ အေးမေတ္တာမသန်စွမ်းရိပ်မြုံ ထန်းတပင်မသန်စွမ်းမျက်မမြင် ကလေးများရိပ်မြုံ၊ စုပေါင်းအားမာန် မျက်မမြင်အလုပ်သမားများအဖွဲ့တို့မှ အမြင်အာရုံ မသန်စွမ်းသူ (၂၅၀)အတွက် ငွေကျပ် ၇,၅၀၀,၀၀၀ (ခုနစ်ဆယ့်ငါးသိန်း)ကိုလည်းကောင်း၊ ယမန်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မျက်မမြင်ကျောင်းအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် အယောက်(၅၀)အတွက် ငွေကျပ် ၁,၅၀၀,၀၀၀ (တစ်ဆယ့် ငါးသိန်း) ကိုလည်းကောင်း ထောက်ပံ့ပေးခဲ့သည်။
ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မျက်မမြင်ကျောင်း (၂) ကျောင်း၊ မကွေးတိုင်းဒေသကြီးရှိ မျက်မမြင်ကျောင်း (၁)ကျောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မျက်မမြင်ကျောင်း (၄)ကျောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မျက်မမြင်ကျောင်း (၁)ကျောင်းတို့မှ အမြင်အာရုံမသန်စွမ်းသူများအား ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


