အမျှင်ဓာတ်ဟာ လူ့ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို အကျိုးခြင်း၊ သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကြောင့် အမျှင်ဓာတ်ကို နေ့စဉ် ပုံမှန် စားသုံးပေးသင့်ပါတယ်။
အမေရိကန်နှလုံးကျန်းမာရေးအသင်းကြီးရဲ့ အဆိုအရ ၂၀ဝ၀ ကယ်လိုရီခန့် စားသုံးသူတစ်ဦးဟာ အမျှင်ဓာတ် ၂၅ ဂရမ် လိုအပ်ပါတယ်။ အသက်အရွယ်၊ ကျား/မ ကွဲပြားမှုတွေအပေါ် မူတည်ပါသေးတယ်။ အသက် ၅၀ အောက် အမျိုးသမီးအနေနဲ့ တရက်ကို အမျှင်ဓာတ် ၂၁ မှ ၂၅ ဂရမ်ထိ စားသုံးသင့်ပြီး အသက် ၅၀ အောက် အမျိုးသားဆိုရင် တရက်ကို ၃၀ မှ ၃၈ ဂရမ်ထိ စားသုံးသင့်ပါတယ်။ အသက်တနှစ်မှ ၁၈ နှစ်အကြားဆိုရင် တရက်ကို အမျှင်ဓာတ် ၁၄ မှ ၃၁ ဂရမ်ကြား စားသုံးသင့်တယ်လို့ သိရပါတယ်။
အမျှင်ဓာတ်ဘာကြောင့် လိုအပ်သလဲ
ယေဘုယျအားဖြင့် အမျှင်ဓာတ်ဟာ အောက်ပါအကျိုးကျေးဇူးတွေ ပေးပါတယ်။
– ကိုယ်အလေးချိန်ကျစေခြင်း
– ကိုလက်စထရောနှင့် သွေးတွင်းသကြားဓာတ်ကို ကျစေခြင်း
– လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် အခြားနှလုံးရောဂါဖြစ်နိုင်ခြေများကို လျှော့ချပေးခြင်း
– ဆီးချိုကို ကာကွယ်ပေးခြင်း
– အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေခြင်း
– အစာအိမ်အူလမ်းကြောင်းမှ အကျိုးပြုဘက်တီးရီးယားများကို အားပေးခြင်း စတာတွေ ဖြစ်ပါတယ်။
အမှန်တော့ အမျှင်ဓာတ်ဆိုတာ ကိုယ်ခန္ဓာကနေ မချေဖျက်နိုင်တဲ့ အပင်နဲ့ တခြားအစားအစာတွေက ရရှိတဲ့ အစိတ်အပိုင်းတွေကို ခြုံငုံခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ အမျှင်ဓာတ်များကို မချေဖျက်တဲ့အခါ အမျင်ဓာတ်များဟာ အူလမ်းကြောင်းတလျှောက် ဆင်းသက်သွားပြီး အစာအိမ်အူလမ်းကြောင်းကို အကျိုးပြုပါတယ်။ အူထဲမှာ ရေများကို ရေကိုဆွဲထိန်းပေးပြီး ဝမ်းချုပ်ခြင်းလို ပြဿနာများကို ကာကွယ်ပေးပါတယ်။
အမျှင်ဓာတ်ကို စားသုံးတဲ့အခါ အစားအစာတမျိုးတည်းကနေပဲမဟုတ်ဘဲ မျိုးစုံကနေ စားသင့်ပါတယ်။
အမျှင်ဓာတ်ကို အကောင်းဆုံးရရှိနိုင်ဖို့ ကယ်လိုရီများများမစားဘဲ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစားပေး စားသောက်ဖို့ လိုပါတယ်။ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများနဲ့ အပင်များကနေ ထုတ်လုပ်ထားတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်ကြွယ်ဝပါတယ်။
ရင်းမြစ်သုံးမျိုး
အမျှင်ဓာတ်ဟာ ကာဘိုဟိုက်ဒရိတ်အမျိုးအစားတမျိုးဖြစ်ပြီး အဓိကပုံစံသုံးမျိုး ရှိပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျိုးအစား၊ မပျော်ဝင်နိုင်တဲ့ အမျိုးအစားနဲ့ အချဉ်ဖောက်ထားတဲ့ အမျိုးအစား စသဖြင့် ဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဟာ အစာချေဖျက်နှုန်းကို လျော့ကျစေပါတယ်။ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပါတယ်။
ရေမှာမပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကတော့ အစာချေဖျက်တဲ့ဖြစ်စဉ်မှာ မတူတဲ့ပုံစံနဲ့ ပါဝင်ပါတယ်။ အစာဟောင်းများကို စုဝေးစေပြီး မြန်ဆန်စွာ ရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။
အချဉ်ပေါက်နိုင်တဲ့ အမျှင်ကတော့ အထက်ပါအမျိုးအစားနှစ်ခုစလုံးကဖြစ်ပြီး အူမကြီးထဲက အကျိုးပြု ဘက်တီးရီးယားပမာဏကို မြင့်တက်စေပါတယ်။
အမျှင်ဓာတ်ကောင်းကောင်းရရှိစေဖို့ဆိုရင်
– အသီးအနှံတွေကို ဖျော်ရည်လုပ်သောက်မယ့်အစား အသီးတလုံးလုံးကို စားပေးပါ
– သရေစာများကို စားမယ့်အစား အသီးအနှံများကို အဆာပြေစားပါ
– ပဲအမျိုးမျိုးကို နေ့တိုင်းစားပါ
– အမျှင်ဓာတ်များတဲ့ အစားအစာတွေစားပြီးရင် ရေများများသောက်ပါ
ဘေးထွက်ဆိုးကျိုးရှိသလား
အမျှင်ဓာတ်များလွန်းရင်လည်း ပြဿနာတချို့ရှိပါတယ်။ ဥပမာအားဖြင့် တရက်ကို အမျှင်ဓာတ် ၇၀ ဂရမ်ကျော်အောင်စားမိရင် အောက်ပါလက္ခဏာအချို့ ရှိလာနိုင်ပါတယ်။
– လေပွခြင်း
– ဗိုက်ကယ်ခြင်း
– ဝမ်းချုပ်ခြင်း
– ဝမ်းပျက်ခြင်း
– ဗိုက်အောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
အစာအိမ်အူလမ်းကြောင်း ရောဂါမရှိဘဲ အထက်ပါလက္ခဏာတွေရှိလာမယ်ဆိုရင် အမျှင်ဓာတ် စားသုံးမှုကို လျှော့ချသင့်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များလွန်းရင် အရေးကြီးတဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဇင့် စတဲ့ သတ္တုဓာတ်တွေကို ကိုယ်ခန္ဓာကနေ စုပ်ယူမှု နည်းသွားစေပါတယ်။
ဆိုးရွားလွန်းတဲ့ အခြေအနေမှာ အစာတွေကောင်းစွာ ရွေ့လျားနိုင်ခြင်းမရှိဘဲ အူလမ်းကြောင်းပိတ်ဆို့တဲ့အထိ ဖြစ်ပွားတတ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ အတော်ရှားပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”