ရိခေါ်ဒါရ် ၂၇ မေ
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ခုနစ်ဦးတို့သည် မေ ၂၆ ရက် ည ၈ နာရီခွဲ အချိန်တွင် ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြရာ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံရှိ ကြိုတင်ပြင်ဆင် ထားသည့်နေရာ၌ ၂၁ ရက်အသွားအလာကန့်သတ်ခြင်း Facility Quarantine ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူ ခုနစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဥက္ကဋ္ဌ (မြို့အုပ်ချုပ်ရေးမှူး) ဦးကျင်လမ်းခိုင်၊ ကော်မတီ အတွင်းရေးမှူး (တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်) ဒေါက်တာ စန်းမာနှင့် ကော်မတီအဖွဲ့ဝင် (လဝက ဦးစီးမှူး) ဦးမောင်မောင်တို့က တိုက်နယ်ဆေးရုံရှိ Facility Quarantine နေရာသို့ ၂၁ ရက် ထားရှိရန် ပို့ဆောင်ပေး၍ ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေ၌ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ခုနှစ်ဦးတို့သည် အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦး တို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာနှင့် ပျဉ်းတောဦး ကျေးရွာများတွင် နေထိုင်သူများ ဖြစ်ကြကြောင်း၊ ၎င်းတို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေခရိုင်၌ သွားရောက်သူများ ဖြစ်ကြကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူများ ၂၁ ရက် အသွားအလာ ကန့်သတ်ခြင်း ကာလအတွင်း နေထိုင်စားသောက်ရေး ကိစ္စများကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီး ရေးကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပက်ကာ (ပြန်/ဆက်)


