မြိတ်  ၂၇   မေ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အခြေခံလူတန်းစား(၆)သောင်းခန့်အား မြိတ်ခရိုင်ငါး လုပ်ငန်းအဖွဲ့ချုပ်မှ ဦးဆောင်၍ ကမ်းဝေးရေလုပ်ငန်းရှင်များက အိမ်ထောင်စုတစ်စုလျှင် ဟင်းစားငါး (၃)ကီလိုနှုန်း ကို ရပ်ကွက်/ကျေးရွာများအထိ အအေးခန်းကားများဖြင့် ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် မေလ(၂၆)ရက်မှ စတင် လှူဒါန်းပေးလျက်ရှိသည်။

 

 “ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဦးဆောင်ပြီး ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များ ပေါင်းစပ်၍ မြိတ်ခရိုင် အတွင်းမှာရှိတဲ့ အခက်အခဲဖြစ်နေတဲ့ မိသားစုတွေ ဦးစားပေးပြီး စာရင်းအရ မြိတ်ခရိုင် အတွင်းမှာ (၆)သောင်းခန့် လှူဒါန်းပေးမယ်လို့ ရည်ရွယ်ထားတယ်။ ငါးကီလိုအချိန်ပျှမ်းမျှ ကီလိုအချိန်(၂)သိန်း ရမယ်လို့တွက်ချက် ထားပါတယ်။ အိမ်ထောင်စုတစ်ခုကို အနည်းဆုံး(၃)ကီလိုနှုန်းနဲ့ ပရဟိတအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ် ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဌ ဦးစန်းမောင်က ပြောသည်။

 

မြိတ်ခရိုင်အတွင်းရှိ အခြေခံလူတန်းစားများအတွက် ဟင်းစားငါးလှူဒါန်းပွဲကို ပြည်ဖြိုးထွန်းကုမ္ပဏီ ဆိပ်ခံ တံတားတွင် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းတို့ တက်ရောက် ဂုဏ်ပြုအမှာစကားပြော ကြားသည်။ ထိုနောက် တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဌ ဦးလှသန်းက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရေလုပ်ငန်းရှင်များက  အခြေခံ လူတန်းစားများ အတွက် လှူဒါန်းသည့် ဟင်းစားငါးများကို ပရဟိတအဖွဲ့များသို့ ပေးအပ်ခဲ့သည်။

 

 “ ငါးဖမ်းလှေများက လာပေးတဲ့ငါးတွေကို တစ်ရက်တည်းနဲ့ လုပ်လို့မကုန်နိုင်တဲ့အတွက် ပြည်ဖြိုးထွန်း ကုမ္ပဏီ လှိုင်းဖြူလှေထဲ ထည့်ပြီးစုဆောင်းထားမယ်။ ပြီးရင် တစ်ရက်ကို ကီလို တစ်သိန်းဆိုတစ်သိန်း ငါးသောင်းဆိုငါးသောင်း လုပ်နိုင်သလောက်တင်ပြီး ပြန်လည်ရွေးချယ်မယ်။ မကောင်းတဲ့ ငါးတွေဖယ်ပြီး ကောင်းတဲ့ငါးတွေကိုပဲ အိတ်တွေထဲရေခဲရိုက်ပြီးထည့်မယ်။ ပြီးရင် အအေးခန်းကားတွေနဲ့ စားသုံးသူ လက်ထဲအရောက် လှူဒါန်းပေးမှာဖြစ်ပါတယ် ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဋ္ဌ က ထပ်လောင်း ပြောဆိုသည်။

 

အခြေခံလူတန်းစားများအား ဟင်းစားငါးများလှူဒါန်းခြင်းကို မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးဖမ်း လုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ငါးဖမ်းရာသီပိတ်သိမ်းမည့် ယခုလကုန်တွင် နောက်ဆုံး ဝင်ရောက်လာသည့် ငါးဖမ်းလှေများတွင် လှေတစ်စီးမှ စားလို့ရတဲ့ငါးကောင်းများကို အနည်းဆုံး ဝါလတ်ပုံး (၄)ပုံး လှူဒါန်းပေးကြ ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်းဝေးရေလုပ်ငန်းရှင်များက လှူဒါန်းသည့် အိမ်ထောင်စုတစ်စုလျှင် ဟင်းစားငါး (၃)ကီလိုနှုန်းကို အအေးခန်းကားများဖြင့် ပရဟိတ အဖွဲ့များမှ ရပ်ကွက်/ကျေးရွာများအထိ လိုက်လံလှူဒါန်းလျက် ရှိကြကြောင်း သိရသည်။

 

ခိုင်ထူး  ( မြိတ် ပြန်/ဆက် )