မြောက်ဦး ၂၇ မေ
ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပေါ်စေ ရန် အတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် မြောက်ဦးမြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ သည် ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့် တိုက်ပွဲရှောင်ပြည်သူ များနေထိုင်ရာ နေရာများသို့ သွားရောက်၍ အဘိတ်ဆေးများခပ်ပေးခြင်း၊ သွေးလွန်တုတ်ကွေး ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ငှက်ဖျားအင်စပက်တော် ဦးကျော်ဆန်းလင်းဦးဆောင် ကာ ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ အရံသားဖွားဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့များပူးပေါင်းပြီး မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေရပ်ကွက်ရှိ ရီတံခါးဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိ ခိုလှုံနေသော တိုက်ပွဲရှောင် ပြည်သူများ နေထိုင်ရာနေရာများ၌ ခြင်ကျားလောက်လန်း မပေါက်ပွားစေရန်အတွက် ဘုရားညောင်ရေ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးနှင့်အား ကစားဝန်ကြီး ဌာနမှထုတ်ဝေသည့် သွေးလွန်တုပ်ကွေး ရောဂါအသိပညာပေး အဓိကသတင်း စကား(၈)ချက်အား စခန်းနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက်လည်း အသိပညာ ပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ယင်းရပ်ကွက်အတွင်း၌ နေထိုင်လျှက်ရှိသောပြည်သူများ၏နေအိမ်များသို့ သွားရောက် ၍လည်း အဘိတ်ဆေးခပ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)


