သာစည်  ၂၇  မေ         

 

မန္တလေးတိုင်း ဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများရေတွင်းများ၌ မတော်တဆမှု ဖြစ်ပေါ်လာပါက  အချိန်မီကယ်ဆယ်နိုင်ရေးအတွက်  ရေတွင်းရှာဖွေကယ်ဆယ်ရေး   လေ့ကျင့်ဆောင်ရွက်ခြင်းကို  မေ ၂၇ ရက်နံနက် ၈ နာရီက  အမှတ်(၁)ရပ်ကွက်ရှိ  ရေတွင်းဟောင်း တစ်ခု၌ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုလိုနွေရာသီကာလ အချိန်ရောက်ရင်  ရေတွင်းရေကန် ခန်းခြောက်တာတွေ၊ ရေရှားပါးမှုတွေ ကြုံရပါတယ်။  အဲ့လိုကြုံရပြီဆိုရင် ရေတွင်းတူးဖော်တာတွေ၊ ရေတွင်း ဆယ်တာတွေ၊အမှိုက်များဆယ်ယူရှင်းလင်းတာတွေလုပ်ကြပါတယ်။  အဲ့လိုလုပ်တဲ့ သူတွေ အနေနဲ့ ရေတွင်းထဲဆင်းမယ်ဆိုရင်  ဆောင်ရန် ရှောင်ရန်တွေသိထားဖို့လိုပါတယ်။ အဲ့ဒါတွေမသိဘဲ ဆင်းကြတဲ့အတွက် အသက်အန္တရာယ်တွေ့ကြုံရတဲ့အထိ ဖြစ်နေကြတာတွေ့နေရပါတယ်။ ဒါတွေအပြင် ရေတွင်းထဲ မတော်တဆကျတာတွေ  စသည်ဖြင့် မတော်တဆမှုတွေ အမျိုးမျိုးတွေ့နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မီးသတ်ဦးစီးဌာနအနေနဲ့ အဲ့လိုမတော်တဆမှုတွေဖြစ်လာရင် အချိန်မီ ကယ်ဆယ်နိုင်ရေးအတွက် ခုလိုကြိုတင်လေ့ကျင့်ထားတာပါ။ အဲ့လို မတော်တဆမှုတွေ မဖြစ်အောင်လည်း   အသိပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ဟု    မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းက ပြောသည်။

 

အဆိုပါ ရေတွင်းရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းကို မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်း  ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်း(သာစည်)