မုံရွာ ၂၇  မေ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသော ကုန်ထုတ်လမ်း/တံတား၊ ရေရှိရေးနှင့် ကျေးလက် မီးလင်းရေးလုပ်ငန်းများ (၆၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးထံမှ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ကျေးလက်ရေရရှိရေး လုပ်ငန်းများအဖြစ် ကျေးရွာ (၂၇၅)ရွာတွင် ပြည်ထောင်စုဘတ်ဂျက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဘတ်ဂျက် ငွေများဖြင့် တွင်းတိမ် (၂၁)တွင်း၊ တွင်းနက် (၁၄၁)တွင်း၊ လက်တူးတွင်း (၂၁)တွင်း၊ ရေကန် (၈)ကန်၊ စိမ့်စမ်းရေ (၅၃)ခု၊ အခြားနည်းလမ်းဖြင့် ရေရရှိရေး (၃၁)ခုကို စုစုပေါင်း လုပ်ငန်း (၂၇၅)ခုကို လုပ်ဆောင် ပေးခဲ့ရာ ယခုအခါတွင်ပြီးစီးမှု(၅၈)ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

 “ တည်ဆောက်ရေးလုပ်ငန်းတွေအနေနဲ့က ကုန်ထုတ်လမ်းတွေ၊ ကျေးလက်ဒေသသောက်သုံးရေး ရရှိရေးလုပ်ငန်းတွေ၊ ကျေးလက်မီးလင်းရေးအနေနဲ့ မီနီဂရစ်နဲ့ တစ်အိမ်ထောင်သုံး ဆိုလာမီးလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်၊ အခုဘဏ္ဍာရေးနှစ်အတွင်းမှာ လုပ်ဆောင်နေတဲ့ ကျေးလက်ရေ ရရှိရေးလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်း၊ အဲဒိကုန်ထုတ်လမ်းပေါ်မှာရှိတဲ့ တံတား တည်ဆောက်ရေး လုပ်ငန်းတွေကတော့ ဒီကနေ့အထိ (၆၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပါပြီ ကျေးလက်မီးလင်းရေး ကဏ္ဍအနေနဲ့ကတော့ အခုလောလောဆယ် ကုမ္ပဏီတွေကို တင်ဒါခေါ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပြီးသွားပါပြီ ” ဟု စစ်ကိုင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပြောသည်။

 

ကျေးလက်ဒေသ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများအဖြစ် စုစုပေါင်း လမ်းအရှည် (၉၈)မိုင် (၂.၅)ဖာလုံရှိ မြေသားလမ်းနှင့် ဂျင်းမြေလမ်းများအားလည်းကောင်း၊ စုစုပေါင်း(၁၁၇၁.၁)ပေအရှည်ရှိ တံတား (၁၂၀)စင်းအားလည်းကောင်း ပြည်ထောင်စုဘတ်ဂျက်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ငွေများဖြင့် တည်ဆောက်ပေးလျက်ရှိရာ (၆၀) ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)