မိုးညှင်း ၂၇ မေ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ လျှော်ဖြူစိုက် တောင်သူများ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျွမ်းကျင်အလုပ်သမား ရှားပါးမှုကြောင့် အစေးထုတ်ရာသီရောက်သော်လည်း အစေးထုတ်လုပ်နိုင်ခြင်းမရှိကြောင်း မြို့နယ်အတွင်း လျှော်ဖြူစိုက်တောင်သူများထံမှ သိရသည်။

 

ကျွမ်းကျင်အလုပ်သမား ရှားပါးမှုနှင့်ပတ်သက်၍ လျှော်ဖြူအပင် (၈၀၀)စိုက်ပျိုးထားသည့် တောင်သူ ဦးတိုက်စိန်က “အခု (၄)လပိုင်းကတည်းက အစေးထုတ်လို့ရနေပြီ။ ဒီမှာက အစေးထုတ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့အလုပ်သမားမရှိဘူး၊ မနှစ်ကတခြားဒေသက အလုပ် သမားတွေ လာထုတ်တယ် ဒီနှစ်တော့ ကိုဗစ်-၁၉ရောဂါဖြစ်နေတော့ အလုပ်သမားခေါ်လို့မရဘူး ဖြစ်နေတယ်”ဟု ပြောကြားသည်။

 

“ဈေးနှုန်းကတော့ အစားစားပေါက်နေတယ်၊ ထိပ်စခေါ်တဲ့ အရည်အသွေးကောင်းတဲ့ စေးမျိုးက တစ်ပိဿာ ၂၀၀၀၀ လောက်အထိပေါက်တယ်။ အဲဒါထက်နည်းနည်းလျော့တဲ့ အစေးမျိုးက ၁၅၀၀၀ လောက်ရတယ်၊ ခက်တာက ဒီမှာဝယ်လက်မရှိဘူး၊ မန္တလေးပွဲရုံကိုပို့ရတော့ ကုန်ကျစရိတ်ပို ထောင်းတယ်”ဟု လက်ရှိ လျှော်ဖြူဈေးကွက်အခြေအနေနှင့်ပတ်သက်၍ ဦးတိုက်စိန် က ပြောကြားသည်။

 

မိုးညှင်းမြို့နယ် တစ်မြို့နယ်လုံး အတိုင်းအတာအရ လျှော်ဖြူစိုက်ဧကပေါင်း ၄၃ ဧက ခန့်စိုက်ပျိုးထားရှိပြီး လျှော်ဖြူပင်မှ လျှော်ဖြူအစေးကို နှစ်တစ်နှစ်၏ ဧပြီလမှ ဇန်နဝါရီအထိ ၁၀ လအတွင်း အစေးထုတ်ကြပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် အစေးထုတ်ရပ်နားရကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)