ကျွန်းစု  ၂၇ မေ

 

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ မျိုးတုန်းရှားပါးလာသည့် ငါးမန်းငါးမျိုးစိတ်အား  ဈေးအတွင်း ရောင်းချခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ စည်ပင်သာယာဈေးအရှေ့တွင် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်ကို မေ (၂၇) ရက် နံနက် ၈ နာရီက စိုက်ထူခဲ့သည်။

 

မျိုးတုန်းရှားပါးလာသည့် ငါးမျိုးစိတ်အဖြစ် သတ်မှတ်ထားသည့် ငါးမန်းငါးမျိုးစိတ်များကို ဈေးအတွင်း ရောင်းချခြင်း မပြုရန်အတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညီညီလင်းထွဋ်နှင့် ဝန်ထမ်းများက အသိပညာပေး မြေစိုက်ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။ ဈေးအတွင်း ငါးရောင်းချနေသူများအား ပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်ပါ အချက်များကို လိုက်နာဆောင်ရွက်ရန် ပညာပေးဟောပြောခဲ့ကြသည်။

 

ပညာပေးလက်ကမ်း စာစောင်တွင် မြန်မာ့ပင်လယ် ငါးလုပ်ငန်းဉပဒေပါ တားမြစ်ချက်များ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဖမ်းဆီးရောင်းဝယ်ခွင့်မပြုသည့် ရေထွက်ပစ္စည်း အမျိုးအစားများ၊ အရွယ်အစားများ၊ တားမြစ်ပိတ်ပင် ထားသည့် ငါးဖမ်းကိရိယာများ၊ ငါးအမျိုးအစားများ ဖော်ပြပါရှိကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ်ခရိုင် ပြန်/ဆက် )