နေပြည်တော် ၂၇ မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် တရားစွဲဆိုခံရသည့် အမှုနှင့်ပတ်သက်၍ အာမခံရရှိရန်အတွက် မြို့နယ်တွဲဖက် တရားသူကြီးနှင့် လှိုင်မြို့မ ရဲစခန်းမှူးတို့ကို ငွေကျပ် (၁၀) သိန်းပေးခဲ့ရခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

 

ယင်းသို့တိုင်ကြားချက်အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆွေမြင့် (ယခု ယာယီရဲမှူး၊ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး) သည် ၂၀၁၈ ခုနှစ် မတ် ၅ ရက်က ရာဇဝတ်ကြီးမှုအမှတ် ၁၀၅၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၅-က အမှုမှ တရားခံ၏သမီး ဖြစ်သူထံမှ ငွေကျပ် ၁၀ သိန်းကို တရားသူကြီးအား ပေးရန်ဟုဆိုကာ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းတွင်  ၂၀၂၀ ပြည့်နှစ် မေ ၂၅ ရက် ၌ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 

 

Ref; ACC Myanmar