ဟားခါး ၂၇ မေ
ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ကျင်းခွါးကျေးရွာတွင် ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းမှု သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးက ဖောငမြှောင်တောင်ပိုး သည် စပါး၊ ပြောင်း၊ နှံစားပြောင်း အပါအဝင် သီးနှံပေါင်း(၈၀)ကျော်ကို စားသောက်ဖျက်ဆီးတတ်ကြောင်း၊ သီးနှံများ အပင်ငယ်အဆင့်မှ ရိတ်သိမ်းချိန်အထိ ကျရောက်နိုင်ကြောင်းနှင့် ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းမှု နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးရဲဝင်းအောင်နှင့် ဟားခါးခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးခင်မောင်ဝင်းတို့က ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းမှုဆိုင်ရာ မီးထောင်ခြောက်ဆင်နည်း၊ သဘာဝပိုးများကို ဆွဲဆောင်သည့် အရောင်တောက်ပသော စက္ကူချပ်များ ကပ်နည်း၊ ပင်စည်ပတ်လည် အဝိုင်းထွက် နေသည့် အရွက်များအတွင်း လောက်ကောင်ငယ်များခြောက်၍ သေစေရန် ပြာမှုန့်၊ သဲမှုန့်၊ မီးသွေးမှုန့်၊ လွှစာမှုန့်များ ထည့်နည်းနှင့် ထုံး၊ ဆား၊ သကြား၊ ရွှံနှစ်ရည်နှင့် အဝတ်လျှော်ဆပ်ပြာများ ဖျော်စပ်အသုံးပြု၍ ကာကွယ်သည့် နည်းလမ်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူးနှင့်အဖွဲ့များက အိမ်ခြံဝန်းအတွင်း စိုက်ပျိုးနိုင်ရန်အတွက် သီးပင်၊ စားပင်မျိုးစေ့များ၊ ပိုးသတ်ဆေးဖျန်းပုံးနှင့် ဖောငမြှောင်တောင်ပိုး ကာကွယ် နှိမ်နင်းနည်း အသိပညာပေး လက်ကမ်းစာစောင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။
ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဖောငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရေးအတွက် သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)


