ကျောက်ဆည် ၂၇ မေ
မန္တလေးတိုင်းဒေသကကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးသည့် တောင်သူများ လုပ်ငန်းခွင် အဆင်ပြေစေရေးအတွက် မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများကို မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူများ အဆင်ပြေစေရေးအတွက် ထွန်စက်ကြီး (၁၁)စီး၊ ရိတ်သိမ်ခြွေလှေ့စက် (၅)စီး၊ ကောက်စိုက်စက် (၁)စီး၊ Mobile Dryer (၁)လုံးတို့ဖြင့် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
“အခုလို ကိုဗစ်ကာလမှာ စပါးစိုက်တောင်သူများ အဆင်ပြေစေရန်အတွက် မြေပြင်စိုက်ပျိုးရိတ်သိမ်းခြင်း လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန် ကျွန်တော်တို့ဌာနက စက်ကိရိယာတွေနဲ့ ကူညီဆောင်ရွက်ပေးသွားဖို့ အဆင်သင့်ပါ၊ ထို့ပြင် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရန်အတွက် စက်ဖြင့်ပျိုးထောင်ခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကို တစ်ဧက ၂၅၀၀၀ ကျပ်နှုန်းဖြင့် ဆောင်ရွက်ပေးမည့်အပြင် (Mobile Grain Dryer) စပါးအခြောက်ခံစက်ဖြင့်လည်း ရိတ်သိမ်းပြီးစ စပါးများ၊ မိုးမိစပါးများကို လယ်ကွင်းထဲအရောက် သယ်ယူပြီး အခြောက်ခံပေးခြင်း၊ ခြောက်သွေ့စပါးများအား အိမ်အရောက် ပြန်လည်ပို့ဆောင်ပေးခြင်း လုပ်ငန်းများကိုလည်း အခမဲ့ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ် စက်မှုလယ်ယာဦးစီးမှူး ဦးကျော်ဟိန်းက ပြောသည်။
ထို့ကြောင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများ အချိန်နှင့်လူ သက်သာစေရန်အတွက် စက်များဖြင့် ထွန်ယက်ခြင်း၊ ပျိုးထောင်ခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းများအပြင် အချိန်တိုအတွင်း စံနှုန်းနှင့်ကိုက်ညီသည့် ခြောက်သွေးစပါးများရရှိအောင် ဆောင်ရွက်မည်ဆိုပါက မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနနှင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။
သက်မောင် (ခရိုင် ပြန်/ဆက်)


