နေပြည်တော် ၂၇ မေ
ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှ အရန်ဆန်ပေးသွင်းခြင်း၊ လက်ခံခြင်းနှင့် သိုလှောင်ထားရှိခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် မိမိနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချရာတွင် နိုင်ငံတစ်နိုင်ငံတည်းကို ရောင်းချခြင်းမျိုးမဖြစ်စေဘဲ စျေးကွက်အသစ်များရရှိရေး စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ အခြေအနေကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအပြင် ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်စပါးသည် မြန်မာနိုင်ငံရဲ့ အဓိကစားသုံးသီးနှံဖြစ်သည့်အပြင် လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှု မြှင့်တင်ရေး တွင်လည်း အလေးထားဆောင်ရွက်ရမည့် လယ်ယာထွက်ကုန်ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်မီသော ဆန်စပါးများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်လည်း တွန်းအားပေးဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါကြောင်း၊ မကြာမီကျရောက်တော့မယ့် စိုက်ပျိုးရာသီတွင် ဆန်စပါးအပါအဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကိုလည်း မထိခိုက်စေဘဲ စီးပွားရေးလုပ်ငန်းများကို တတ်နိုင်သမျှ ပြန်လည်ထူထောင် နိုင်ရေးအတွက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံတကာမှာ ကုန်သွယ်မှုလမ်းကြောင်းများ ဖွင့်လှစ်ထားပါက ကုန်သွယ်မှုနှင့် ပတ်သက်သည့် အကန့်အသတ်များကို မည်သို့ဖြေရှင်း ဆောင်ရွက်မည်ကို စဉ်းစားဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်းနှင့် Post COVID-19 ကာလများမှာလည်း မိမိနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချရာတွင် နိုင်ငံတစ်နိုင်ငံတည်းကို ရောင်းချခြင်းမျိုး မဖြစ်စေဘဲ ဈေးကွက်သစ်များရရှိရေး စီမံဆောင်ရွက်ရန် လိုပါကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီများမှ အရန်ဆန်ပေးသွင်းခြင်း၊ လက်ခံခြင်းနှင့် သိုလှောင်ထားရှိခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်လို့ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကူညီဆောင်ရွက် ပေးစေလိုသည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများမှ ကိုဗစ်-၁၉ ကာလအတွင်း အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အရေးပေါ်ရိက္ခာဆန် ဝယ်ယူထားရှိမှု အခြေအနေ၊ ပြည်ပဆန်တင်ပို့မှုမှ ၁၀ ရာခိုင်နှုန်းကို အရေးပေါ်ရိက္ခာပေးသွင်းမှု အခြေအနေ၊ အရေးပေါ်ရိက္ခာဆန် ဆက်လက်ဝယ်ယူမှု အခြေအနေ၊ အရေးပေါ်ရိက္ခာဆန် ဝယ်ယူမှုကြောင့် တောင်သူများအတွက် အကျိုးရှိပြီး နိုင်ငံတော်အတွက်လည်း အကျိုးရှိမှု အခြေအနေများသာမက ပြည်တွင်း၌ လက်ရှိ ကာလတွင် ဆန်လုံလောက်မှုရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်မျာအသင်းနှင့် ပြည်ပသို့ ဆန်တင်ပို့သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


