ပုသိမ်  ၂၇ မေ

 

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ၏ (၅/၂၀၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ARIC အစည်းအဝေးအား စတင်ချိန်မှ ယနေ့အထိ လုပ်ငန်း (၄၈)ခု ခွင့်ပြုနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုကို ခွင့်ပြုပေးနိုင်ခဲ့ပြီး အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ်အနည်းဆုံး ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ရန်လည်း မျှော်မှန်းလျက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းဒေသကြီးအတွက် စီးပွားရေးဖွံ့ဖြိုးဖို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ အခြေခံဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များအနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆက်လက်ဖိတ်ခေါ် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က ယခုအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုကို ဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးနိုင်ရေး ကော်မတီဝင်များအနေဖြင့် ဆွေးနွေးပေးကြရန်၊ ကော်မတီမှ အတည်ပြုမိန့်ပေးထားသည့် လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့် တာဝန်ဝတ္တရားများကို လိုက်နာရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိနှင့် ဒေသခံများနှင့် အဆင်ပြေစွာ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း ရှိ မရှိတို့ကိုလည်း ကြီးကြပ်ကွင်းဆင်း ပံ့ပိုးဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြမည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲ များနှင့် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးကူညီရန် လိုအပ်သည့်ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြနိုင်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အမြန်ဆုံး လွယ်လင့်တကူဖြစ်အောင် ကြိုးစားဆောင်ရွက်ပေး နေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးကိုရွေးချယ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြသည့်အတွက် ကြိုဆိုပါကြောင်း ပြောကြားသည်။ 

 

အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ဆက်)